Home သတင်း စစ်တပ်အာဏာသိမ်း ပြီးနောက်ပိုင်း ဖားအံမြို့ပြ စီပွားရေးလုပ်ငန်းများ ၂ နှစ်ကျော်အကြာအထိ ရပ်ဆိုင်းနေ

စစ်တပ်အာဏာသိမ်း ပြီးနောက်ပိုင်း ဖားအံမြို့ပြ စီပွားရေးလုပ်ငန်းများ ၂ နှစ်ကျော်အကြာအထိ ရပ်ဆိုင်းနေ

1019

ဇွန်လ ၂၆ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ၂ နှစ်ကျော်ကာလ ကြာချိန်အထိ မြို့ပြ စီးပွားရေးလုပ်ငန်းကြီးများ လည်ပတ်လုပ်ကိုင်နိုင်ခြင်း မရှိတော့ဘဲ ရပ်ဆိုင်းနေဆဲဖြစ်ကြောင်း ဖားအံမြို့ခံ သတင်းအရင်း အမြစ်များက ပြောသည်။

ယခင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရ လက်ထက်က အကောင်အထည်ဖော်ဆောင်ရွက်ရန်ကျန်ရှိ သည့် ဖားအံမြို့ပြ စီမံကိန်းဆိုင်ရာ ဒေသတွင်း အလည်အပတ်နေရာများ၊ ဟိုတယ်လုပ်ငန်း၊ စျေးဝယ်စင်တာ နှင့် ဇွဲကပင် တောင်တက် ကေဘယ်ကား စီမံကိန်းကြီးများမှာယခုအချိန်ထိ ရပ်ဆိုင်းနေဆဲဖြစ်ကြောင်း ဖားအံမြို့ခံ တစ်ဦးက ယခုလိုပြော သည်။

“အရင်အစိုးရ လက်ထက်က မြို့မှာလုပ်နေတဲ့ ပုဂ္ဂလိကလုပ်ငန်းကြီးတွေရပ်နေတယ်။ ဇွဲကပင် ကေဘယ်ကား စီမံကိန်း၊ ကမ်းနားလမ်းတို့ ဇွဲကပင်ပလာဇာတို့၊ အိမ်ယာစီမံကိန်းတို့ ချစ်သူမြိုင် ပန်းခြံတို့ ရပ်နေ တာ ကြာပြီ။ တခြား ပုဂ္ဂလိက လုပ်ငန်းကြီး တွေလည်း ရပ်နေတာကြာပြီ။ စစ်ကောင်စီ ကတော့ စည်ပင်ဌာန၊ ဆောက်လုပ် ရေးဌာနတွေက စစ်တပ် ထောက်ခံတဲ့ ကုမ္ပဏီတွေ နဲ့ လုပ်ငန်းသစ်တွေ လုပ်နေကြတယ်။ ဟိုနားပြင် ဒီနား ဆောက်တွေလုပ်ပြနေတယ်။ ပြီးတော့ အရင်အစိုးရ လက်ထက် လုပ်လက်စတွေ အပြီးသတ်ပြီး ဖွင့်ပွဲတွေ လိုက်လုပ်တယ်။ မြို့က လူတွေ စီးပွားရေးကြပ်တည်း လာတော့ ဘာမှသိပ်ပြီး အလုပ်မဖြစ်ကြဘူး။ စစ်ကောင်စီ ဝန်ထမ်းတွေလည်း အလုပ်မဖြစ်ကြတော့ဘူး” ဟု ကေအိုင်စီ သို့ ပြောသည်။

ဖားအံမြို့ကို စစ်ကောင်စီ က လုံခြုံရေးဖြည့်တင်းစောင့်ကြပ်နေပြီး ခရီးသွားလုပ်ငန်းဖြင့် ဖွံဖြိုး စည်ကားနေရန် ပွဲလမ်းသဘင်များ ခွင့်ပြုကာ လုပ်ဆောင်နေသော်လည်း ဒေသတွင်း အခါကြီး ရက်ကြီးများ၊ စစ်ကောင်စီ ရုံးပိတ်ရက်များ၊ ဘာသာရေး အထိမ်းအမှတ် ရုံးပိတ်ရက်များတွင် လာရောက်လည်ပတ်သူ အချို့သာ ရှိနေ ကြောင်း ဒေသခံ စျေးသည်တချို့၏ ပြောဆိုမှုအရ သိရသည်။
ထိုသို့ ဖားအံမြို့ စည်ကားစေရန် ပြုလုပ်စျေးရောင်းကြရသည့် ဒေသခံ စျေးသည်များအနေဖြင့် စျေးအရောင်း အဝယ် ကျဆင်း အရှုံးပေါ် နေသဖြင့် လုပ်ငန်းများ ရပ်နားထားရကြောင်း ဖားအံမြို့ခံ စျေးသည် တစ်ဦးက ယခုလိုပြောသည်။

“ဖားအံက ညစျေးတို့ ကန်သာယာညစျေးတို့မှာ စျေးသယ်တွေကများပြီး စျေးရောင်မကောင်းကြဘူး။ လူလာ စားကြတာ လာလည်ကြတာ နည်းလာတယ်။ ည ၇နာရီ ခွဲလောက်ဆို လူမရှိ လူမစည်တော့ဘူး။ ညနေ၅ နာရီ ၆ နာရီလောက်ဘဲလူလာတယ်။ မနက်ပိုင်းဆိုလည်း စျေးရောင်းရတာက ရပ်ကွက်က လူလောက်ဘဲ စျေးရောင်း ရတယ်။ တခြားနယ်ကလူ ရွာကစျေးတက်ဝယ်တဲ့သူတွေ သိပ်မလာကြတော့ဘူး။ သူတို့နေရာတွေမှာ တိုက်ပွဲ တွေ ဖြစ်နေတော့ စျေးရောင်းစျေးဝယ်မလာကြဘူး။” ဟု ကေအိုင်စီ သို့ ပြောသည်။

လက်ရှိ ကရင်ပြည်နယ်အတွင်း ဖားအံမြို့နှင့် လှိုင်းဘွဲမြို့ မှလွဲ၍ ကျန်မြို့နယ် ၅ ခုတွင် စစ်ကောင်စီတပ်နှင့် ဒေသ တွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ဖြစ်ပွား နေ ပြီး စစ်ကောင်စီ၏ မြို့နယ်၊ ခရိုင် မြို့ပြအုပ်ချုပ်ရေး နေရာများမှ လွဲ၍ ရပ်ရွာဒေသအတွင်း စိုးမိုးအုပ်ချုပ် နိုင်ခြင်းမရှိတော့ကြောင်း KNLA ပူး ပေါင်းစစ်ကြောင်း သတင်းအရင်းအမြစ်များကဆိုသည်။