Home သတင်း KECD စာသင်ကျောင်းများတွင် ပုံနှိပ်စာအုပ်မလုံလောက်မှု ကြုံတွေ့နေရ

KECD စာသင်ကျောင်းများတွင် ပုံနှိပ်စာအုပ်မလုံလောက်မှု ကြုံတွေ့နေရ

1055
Photo -ထိုလွီဝါးကျောင်း

ဇွန်လ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန -KECD စီမံခန့်ခွဲ မှုအောက်ရှိစာသင်ကျောင်းများတွင် ကျောင်းသူ/ကျောင်းသားများအတွက် ပုံနှိပ်စာအုပ် လုံလောက်မှု နှစ်စဉ်နီးပါး ကြုံတွေ့နေရသည်ဟု ကျောင်းတာဝန်ရှိသူများ၏ ပြောဆိုချက်အရ သိရသည်။

နှစ်စဉ်နီးပါး ကြုံတွေ့နေရသော သင်ရိုးညွှန်းတမ်းပုံနှိပ်စာအုပ်မလုံလောက်မှုကို ကျောင်းသုံးအဆင်ပြေ စေရန် ပြန်လည်မိတ္တူပြန်ကူးယူပြီး သင်ပေးရသဖြင့် ကျောင်းသူ/ကျောင်းသားများအတွက် အဆင်မပြေမှုများရှိသည်ဟု တောင်ငူခရိုင်ရှိ ထိုလွီဝါးအထက်တန်းကျောင်းအုပ် ဆရာမ နော်ဟေသီဂျူးက ကေအိုင်စီသို့ ပြောသည်။

၎င်းက“ပုံနှိပ်စာအုပ်မလုံလောက်တဲ့ပြဿနာက နှစ်တိုင်းပဲကြုံရတယ်။ ကျမတို့ကျောင်းက ဘယ်လိုပြန် လုပ်ရလဲဆိုတော့ မိတ္တူပြန်ကူးပြီး ကျောင်းသားတွေကို ပေးရတော့ အဲမှာပြဿနာတစ်ခု တွေ့ရတာက စာလုံးတွေက သိပ်မထင်တော့ တချို့ကဖတ်မတတ်တာတွေရှိတယ်။ မိတ္တူပြန်ကူးပြီး သုံးတာတောင် မလုံလောက်သေးဘူး။ နှစ်ယောက်တစ်အုပ်အဲလိုကြည့်ရတာတွေရှိတယ်။ ဘာသာရပ်အားလုံးလည်း မထုတ်နိုင်ဘူး။”ဟု ဆရာမ နော်ဟေသီဂျူးက ပြောသည်။

ထို့အပြင် ထိုင်းနယ်စပ်နှင့်နီးစပ်သည့် KECD စာသင်ကျောင်းအချို့မှာ တစ်ဖက်ထိုင်းနိုင်ငံသို့ သွားရောက်ကာ မိတ္တူကူးယူ၍ သင်ရိုးညွှန်းတမ်းဖတ်စာအုပ်များ မလုံလောက်မှုကို ဖြေရှင်း ပေးနေရကြောင်း မြဝတီတောင်ဘက်ရှိ တောနော်အထက်တန်းကျောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “ကျနော်တို့က ဘယ်လိုလုပ်လဲဆိုရင် ထိုင်းဘက်နီးတော့ ထိုင်းဘက်မှာ ပုံနှိပ်သွားထုတ်တယ်။ ဥပမာ ကျောင်းသား အယောက် ၃၀ ဆိုရင် အယောက်၂၀ စာပဲရတော့ ကျန်တဲ့ ၁၀ကို ကျောင်းသားတွေက ပိုက်ဆံဝိုင်းထုတ်ပြီး သုံးရတာပေါ့။ ” ဟု ကေအိုင်စီသို့ပြောသည်။

ယခု ကြုံတွေ့ရသည့် ပုံနှိပ်စာအုပ်မလုံလောက်မှုကို ဖြေရှင်းနိုင်ရန်အတွက် လာမည့် ပညာသင်နှစ်တွင် အတန်းကြီးများကို E Book နည်းပညာစနစ်ဖြင့်သွားရန် အစီအစဉ်ရှိသည်ဟု KECD ဗဟို ဌာနမှူး ပဒိုစောလောအယ်မူးက ကေအိုင်စီသို့ ယခုလို ပြောသည်။

“ဒီနှစ်မှာဆိုရင် ကျနော်တို့ ပုံနှိပ်ထုတ်ဝေတာ နှစ်ကြိမ်ရှိပြီး။ ဒါပေမယ့် လုံလောက်မှုတော့မရှိသေးဘူး ။ တချို့ခရိုင်နဲ့မြို့နယ်တွေက သူတို့ မိတ္တူပြန်ထုတ်ဝေပေးတာရှိတယ်။ တချို့ကျောင်းတွေဆိုရင်လည်း သူတို့ဘာသာ သူတို့ မိတ္တူစက်ဝယ်ပြီး ထုတ်ယူတာတွေလည်း ရှိတယ်ပေါ့။ အတန်းငယ်တွေက ပြန်ပြီး ကော်ပီပြန့်ပွားမယ်၊ အတန်းကြီးတွေကတော့ ကျနော်တို့စဉ်းစားထားတာက E စနစ် ဒီဂျစ်တယ်အပိုင်းနဲ့ သွားမယ်ပေါ့။ သင်ရိုးညွှန်းတမ်းတွေကို ကွန်ပျူတာထဲမှာဖြစ်ဖြစ်၊ Tablet (တက်ဘလက်) မှာဖြစ်ဖြစ် ထည့်သွင်းပြီးသင်မယ်ပေါ့။ အဲလိုစဉ်းစားပြောဆိုထားတာရှိတယ်။ အခုနှစ်တော့မဟုတ်သေးဘူးပေါ့”ဟု ၎င်းက ပြောသည်။

၂၀၂၁ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှစတင်၍ မြန်မာနိုင်ငံအစိုးရလက်အောက်တွင် ကျောင်းတက်ခဲ့သည့် ကျောင်းသူ/ကျောင်းသားအချို့သည် KECD စာသင်ကျောင်းများတွင် ပြန်လည် ပြောင်းရွှေ့လာခဲ့သည့်အတွက် KECD လက်အောက်ခံ စာသင်ကျောင်းအချို့တွင် ကျောင်းသားဦးရေများ လာသည်ဟု သိရသည်။

သို့သော် စစ်ရေးပဋိပက္ခနှင့် နယ်မြေတွင်း မတည်မငြိမ်မှုများကြောင့် ယခုနှစ် ပညာသင်နှစ်တွင် ကျောင်းသူ/ကျောင်းသားအချို့သည် ထိုင်းနိုင်ငံဘက်ခြမ်းရှိ ဒုက္ခသည်စခန်းနှင့် ရွှေ့ပြောင်း စာသင်ကျောင်းများတွင် ပြောင်းရွှေ့သွားသည့်အတွက် ကျောင်သားဦးရေ ပြန်နည်းပါးလာသည်ဟု KECD ဗဟိုဌာနမှူး ပဒိုစောလောအယ်မူးက ပြောသည်။

တဆက်တည်းတွင် KECD ပညာရေးဌာနက ထုတ်ဝေသည့် သင်ရိုးညွှန်းတမ်းပုံနှိပ်စာအုပ်သည် စကော ကရင်ဘာသာဖြင့်သာ ရေးဆွဲထုတ်ဝေသည့်အတွက် ပိုးကရင်ဘာသာစကားသာ အသုံးပြုသည့် ဒေသတွင်း စာသင်ကျောင်းအချို့တွင် ကလေးများအတွက် အခက်အခဲကြုံတွေ့နေရကြောင်းလည်း KECD တာဝန်ရှိသူဘက်က ပြောသည်။

ပြီးခဲ့သည်၂၀၂၁-၂၀၂၂ခုနှစ် ပညာသင်နှစ်တွင် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန- KECD လက်အောက်ရှိ စာသင်ကျောင်းပေါင်း ၁,၂၄၃ ကျောင်းရှိကာ ထိုအထဲတွင် မူလတန်းကျောင်း ၇၉၂ ကျောင်း၊ အလယ်တန်း ကျောင်း ၃၁၃ ကျောင်း၊ အထက်တန်းကျောင်း ၁၂၈ ကျောင်းနှင့် အထက်တန်းလွန်ကျောင်း ၁၀ ကျောင်းရှိသည်ဟု KECD ၏ စာရင်းအရ သိရသည်။