Home သတင်း တိုက်ခိုက်ခံရအပြီး စစ်ကောင်စီ စစ်ကြောင်းတစ်ခုလုံး ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးခဲ့ဟု SOF ပြော

တိုက်ခိုက်ခံရအပြီး စစ်ကောင်စီ စစ်ကြောင်းတစ်ခုလုံး ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးခဲ့ဟု SOF ပြော

619
Photo-SOF

ဇွန်လ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၆ နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကွီလုံတိုင်စခန်းသို့ ဇွန်လ ၃ ရက်နေ့တွင် ရိက္ခာနှင့် ခဲယမ်းများပို့ဆောင်လာသည့် စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံပြီး စစ်ကြောင်း တစ်ကြောင်းလုံး ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးသွားခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့- SOF က ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

တပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေတပ်မတော်-KNLA နှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့−SOF စစ်ကြောင်း ၁ တို့က ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံး ရဲဘော်များပါမကျန်လက်နက်ခဲယမ်းများဖြင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးသွားကြသည်ဟု SOF ရဲဘော် တစ်ဦးက ကေအိုင်စီသို့ ယခုလိုပြောသည်။

“သူတို့အဲ့ဒီသေဆုံးတဲ့ အလောင်းတွေရော၊ နောက်ပြီးတော့ သေဆုံးတဲ့ရဲဘော်တွေရဲ့သေနတ်တွေရော သူတို့ ကောက်တယ်။ ဒဏ်ရာရတဲ့သူတို့ လူတွေကိုလည်း အကုန်လုံးပြန်သယ်သွားတယ်။ စစ်ကြောင်းတစ်ကြောင်း လုံး ထိုင်းဘက် ခြမ်းကိုကူးသွားတယ်။ ထိုင်းဘက်ခြမ်းကျတော့ ထိုင်းစစ်တပ်နဲ့ ထိုင်းရဲနဲ့ သူတို့အချိတ်အဆက်တွေ ရှိမယ်လို့ ထင်တယ်။ ကျနော်တို့ကတော့ အဲ့ဒီဘက်ခြမ်းကို ကူးပြီးတော့ စစ်ဆင်ရေး လုပ်နိုင်တဲ့အခြေအနေတော့မရှိသေးဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်၏ စစ်ကြောင်းတစ်ခုလုံးနှင့် လက်နက် ခဲယမ်းများကို လက်ရှိအချိန်အထိ ပြန်လည်တွေ့ရှိရခြင်း မရှိသေးကြောင်းလည်း SOF ရဲဘော်က ဆက် ပြောသည်။

၎င်းအပြင် တိုက်ခိုက်ခံရပြီး ထွက်ပြေးသွားသည့်စစ်ကောင်စီစစ်ကြောင်းမှ ဒဏ်ရာရရဲဘော်များသည် ထိုင်း ဘက်ခြမ်းရှိ အာဏာပိုင်များ၏ အကူအညီဖြင့် နီးစပ်ရာဆေးခန်းများတွင် ဆေးကုသမှုခံယူနေလျက် ရှိနိုင်ကြောင်းလည်း တော်လှန်ရေး အင်အားဘက်က ထင်မြင်ယူဆကြသည်။

“စကစတွေအဲ့ဘက်ထွက်ပြေးသွားတဲ့ဆိုတာက အဲ့ဘက်ခြမ်းမှရှိတဲ့ ထိုင်းရဲသို့မဟုတ် ထိုင်းလဝကလိုမျိုး နယ် မြေခံ အာဏာပိုင်အဖွဲ့အစည်းတစ်ခုခုနဲ့ ချိတ်ဆက်ပြီးဝင်သွားတာမျိုးပဲ။ နောက်ပြီးတော့ဒဏ်ရာရသွားတဲ့ စကစ တပ်သားတွေကလည်း ထိုင်းဘက်ခြမ်းမှာရှိတဲ့ ဆေးခန်းတစ်ခုခုမှာ ဆေးကုမယ်လို့ထင်တယ်။ ဘာကြောင့် လဲဆို တော့ အရင်တုန်းကလည်း နယ်စပ်မှာရှိတဲ့ စကစတပ်သားတွေအနေနဲ့ ဆေးဝါးကုသရေးနဲ့ ပတ်သက်တဲ့ ဟာမျိုး ပေါ့ လေယာဉ်တွေနဲ့ မြေပြင်တွေနဲ့ မသယ်နိုင်တော့ဘူးဆိုရင် ထိုင်းဘက်ခြမ်းမှာပို့ပြီးဆေးကုသတယ်လို့ ကျနော်တို့သိရတယ်” ဟု အဆိုပါ SOF ရဲဘော်က ဖြည့်စွက်ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိုင်းနိုင်ငံဘက်ခြမ်းသို့ လက်နက်ခဲယမ်းများဖြင့် ဝင်ရောက်ထွက်ပြေးသွားကြောင်း တော်လှန်ရေး အင်အားစုဘက်က ထုတ်ပြန်ပြောဆိုခဲ့သော်လည်း ၎င်းအခြေအနေနှင့်ပတ်သက်ပြီး ကေအိုင်စီ -ကရင်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရမှုတွင် ဒုတပ်ရင်းမှူးအဆင့်ရှိသူမှာ စနိုက်ပါထိမှန်သေဆုံးခဲ့ပြီး နှစ်ဖက် တိုက်ပွဲဖြစ်ပွားမှုအပြီးတွင် စစ်ကောင်စီတပ်ဘက်မှ ဒုတပ်ရင်းမှူးအပါအဝင် ၃ ဦးသေဆုံးကာ ၁၃ ဦးဒဏ် ရာရရှိခဲ့ကြောင်း SOF ၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ နှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ရဲဘော် ၅ ဦး လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု SOF က ပြောသည်။