Home သတင်း သံတောင်ကြီးရှိ စစ်ဘေးရှောင်ကလေးများ ကျောင်းပညာရေးထောက်ပံ့မှု လိုအပ်နေ

သံတောင်ကြီးရှိ စစ်ဘေးရှောင်ကလေးများ ကျောင်းပညာရေးထောက်ပံ့မှု လိုအပ်နေ

901
Photo-CJ

ဇွန်လ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာအများစုနှင့် လိပ်သိုဒေသပိုင်းတွင် ပစ်ခတ်မှုများဖြစ်ပွားပြီး နယ်မြေအခြေအနေကောင်းမွန်ခြင်း မရှိသေးသဖြင့် စစ်ဘေးတိမ်းရှောင်နေရသော ကျောင်းနေအရွယ်ကလေးများအတွက် ပညာသင်ယူနိုင်ရန် ထောက်ပံ့မှုများ လိုအပ်နေကြောင်း စစ်ဘေးရှောင်မိခင်များထံမှ သိရသည်။

လိပ်သိုဒေသနှင့် သံမိုးတောင်၊ တောပြာကလေး၊ တောပြာကြီး၊ စည်ပင်ကြီး၊ သပြေညွန့် စသော ကျေးရွာများရှိ စစ်အစိုးရလက်အောက်ခံ မူလတန်း၊ အထက်တန်း ကျောင်းအများစုမှာ စစ်ကောင်စီအာဏာသိမ်းယူပြီးသည့်အချိန်မှစ၍ ဒေသတွင်းနှစ်ဖက်ပစ်ခတ်မှုနှင့် နယ်မြေမတည်ငြိမ်ခြင်းများကြောင့် ယခုပညာသင်နှစ်တွင်လည်း ကျောင်းများပြန်ဖွင့်ရန်အခက်အခဲရှိကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

ထို့အပြင် စစ်ဘေးတိမ်းရှောင်နေရသည့်အတွက် အလုပ်အကိုင်ကောင်းစွာမလုပ်ကိုင်နိုင်သည့်ကြားမှ မိမိတို့ကလေးများအား နီးစပ်ရာသို့ကျောင်းသွားထားရသော မိခင်များအနေဖြင့်လည်း ပညာရေးဆိုင်ရာ အထောက်အပံ့ရရှိရန်လိုအပ်နေသည်ဟု သံမိုးတောင်ရွာမှစစ်ရှောင်မိခင်တစ်ဦးကပြောသည်။

၎င်းက “ကိုယ့်ရွာမှာနေပြီး ကျောင်းတက်ရရင် ကုန်တာမသိသာဘူးလေ၊ အခုက သူများမြို့ရွာမှာ ကျောင်းလာထားရတာ ကျောင်းပြောင်းလက်မှတ်ယူတာကအစ ကုန်တယ်။ စစ်ရှောင်ရတဲ့အထဲ ငွေမရှိပေမယ့် ကိုယ့်ကလေးကို ကျောင်းထားပေးချင်တဲ့ မိဘတိုင်းလိုလိုအတွက်က ကျောင်းစရိတ်ဒုက္ခရောက်တယ်။ တချို့လုံးဝမရှိတဲ့မိသားစုတွေဆို ကလေးတွေကျောင်းမနေရဘူး။” ဟု ပြောသည်။

လက်ရှိအချိန်ထိလည်း သံမိုးတောင်ရွာတွင် စစ်ကောင်စီတပ်များက ဒေသခံများ၏ နေအိမ်အတွင်း တပ်စွဲနေထိုင်သဖြင့် တော်လှန်ရေးအင်အားစုများနှင့်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသောကြောင့် နေရပ်ပြန်မနေရဲကြဘဲ စစ်ရှောင်ရာအရပ်တွင် ကလေးများအား မဖြစ်ဖြစ်အောင် ကျောင်းထားရကြောင်း အဆိုပါစစ်ရှောင်မိခင်က ဆက်ပြောသည်။

ထို့အပြင် တခြားမြို့သို့ကူးပြောင်း၍ ကျောင်းထားကြသော ကျောင်းသားအချို့အတွက် ရပ်ကွက်၊ ရဲစခန်းထောက်ခံစာမပြနိုင်ပါက စာရင်းသွင်းခွင့်မရခြင်းတို့ တွေ့ကြုံနေ သည်ဟု သံတောင်မြို့ခံအမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။

“ကလေးတွေကျောင်းမတက်ရတာ နှစ်တွေကြာပြီဆိုတော့ ပိုက်ဆံရှိတဲ့သူအများစုက တောင်ငူကို ကျောင်းပြောင်းသွားကြတယ်။ မူလတန်းကျောင်း ဆက်တက်တဲ့ကလေးတွေကတော့ ကျောင်းပြောင်းလက်မှတ်ရတယ်။ တချို့ကမရဘူး။ တဖက်ကျောင်းမှာကလည်း ရဲကွက်၊ ရဲစခန်းထောက်ခံစာမပြနိုင်ရင် နာမည်သွင်းမရတာရှိတယ်။” ဟု ၎င်းအမျိုးသမီးက ပြောသည်။

ထို့အတူ ပြီးခဲ့သည့် ဧပြီလအတွင်းတွင် စစ်ကောင်စီလက်အောက်ခံ ခရိုင် ပညာရေးမှူးရုံးမှ ကျောင်းများပြန်ဖွင့်ရန် သက်ဆိုင်ရာအလိုက် စာပို့သော်လည်း စစ်ရေးလှုပ်ရှားမှုများကြောင့် ပြန်ဖွင့်ရန် အခက်အခဲရှိသလို စစ်ဘေးရှောင်ကလေးများ ပညာရေးအတွက်လည်း ထောက်ပံ့ပေးသည့် အဖွဲ့အစည်းသီးသန့်မရှိသဖြင့် ရံဖန်ရံခါမှသာ သီးသန့်ထောက်ပံ့ပေးနိုင်ပြီး အများအားဖြင့် စစ်ရှောင်များ စားနပ်ရိက္ခာအတွက် အားထားလှူဒါန်းရကြောင်း သံတောင်ကြီးမြို့နယ်အတွင်း စစ်ဘေးရှောင်ကူညီနေသူဒေသခံများထံမှ သိရသည်။

ကေအဲန်ယူတပ်မဟာ(၂)ထိန်းချုပ်နယ်မြေ၊ တောင်ငူခရိုင်အတွင်းတွင် စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုများ နေ့စဥ်ရက်ဆက်ဆိုသလို ဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့သည့် ဇွန်လ(၁၄)ရက်နေ့ညပိုင်းကလည်း ထိုလွီဝါး ကော်သူးလေ အထက်တန်းကျောင်းနေရာရှိ ကျောင်းသူအဆောင်သို့ တောင်ငူမြို့ ရှားစေး ဘိုစခန်းအခြေစိုက် စစ်ကောင်စီတပ်ရင်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ကျောင်းသူ(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။