Home သတင်း ညောင်တုန်းမြို့နယ် ကရင်စာ/ယဥ် တွဲဖက်အတွင်းရေးမှူးအား ပုဒ်မ (၃)ခု ဖြင့် စစ်ကောင်စီ တရားစွဲ

ညောင်တုန်းမြို့နယ် ကရင်စာ/ယဥ် တွဲဖက်အတွင်းရေးမှူးအား ပုဒ်မ (၃)ခု ဖြင့် စစ်ကောင်စီ တရားစွဲ

880
Photo-Crd

ဇွန်လ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်တွင် ပြီးခဲ့သည့်ဇွန်လအတွင်းက စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံလိုက်ရသော မြို့နယ် ကရင်တိုင်းရင်းသား စာပေနှင့် ယဥ်ကျေးမှု အသင်း၏ တွဲဖက်အတွင်းရေးမှူး စမြကြီးအား စစ်ကောင်စီက ပုဒ်မ(၃)ခုတပ်စွဲ၍ တရားစွဲဆိုထားကြောင်း နီးစပ်ရာအသိုင်းအဝိုင်းမှ သိရသည်။

စစ်ကောင်စီက ဇွန်လ(၉)ရက်မှ (၁၁)ရက်အတွင်းတွင် ညောင်တုန်းမြို့နယ်ရှိလူငယ်အချို့အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဟု ဆိုကာ လိုက်လံဖမ်းဆီးခဲ့စဉ် ဇွန်လ(၁၀)ရက်နေ့က စမြကြီး၏အိမ်အနီးဝန်းကျင်ရှိ နေအိမ်မှလူငယ်တစ်ဦးအား လက်နက်များနှင့်တကွ ဖမ်းဆီးသွားပြီးနောက် စစ်ကောင်စီက စမြကြီးအားဆက်လက်ဖမ်းဆီး၍ ယခုလို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၁(က)၊ ၅၂(ဂ)နှင့် ၄၉(က)တို့ဖြင့် တရားစွဲဆိုထားခြင်းသည်ဟု နီးစပ်သူတစ်ဦး ပြောသည်။

“သူ့ကို အကြမ်းဖက်ပုဒ်မ(၃)ခုနဲ့ စစ်တပ်က တရားစွဲထားတယ်။ သူက လူပျိုကြီး အိမ်မှာတစ်ယောက်ထဲပဲနေတော့ အဲဒီ PDF လို့ စွပ်စွဲပြီး ဖမ်းခံလိုက်ရတဲ့လူငယ်တွေက သူ့အိမ်မှာ အိပ်အိပ်စားစား လုပ်တယ်။ ပြီးတော့ လက်နက်မိတဲ့အိမ်က လက်နက် တွေထားတဲ့ထမ်းစင်ကို ဆောက်တုန်းကလည်း သူသွားကူဆောက်ပေးသေးတယ် အဲ့လိုနဲ့သူပါရောပြီး တရားစွဲခံရတာ။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အတူ စမြကြီးအား စစ်ကောင်စီကမှားယွင်းဖမ်းဆီးခြင်းဖြစ်ကြောင်းနှင့် ထိုနေ့နောက်ပိုင်းကတည်းက ၎င်းနှင့်တွေ့ခွင့်မပေးတော့ဘဲ အဆက် အသွယ်ပြတ်တောက်သွားပြီးမှ ယခုလို အကြမ်းဖက်ဥပဒေပုဒ်မများ တပ်၍ တရားစွဲဆိုခံလိုက်ရကြောင်း စမြကြီးနှင့်နီးစပ်ရာအသိုင်းအဝိုင်းမှ ဆိုသည်။

ယခုဇွန်လအထိ ညောင်တုန်းမြို့နယ်တွင် စစ်ကောင်စီက ညောင်တုန်း မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-NPDF နှင့်ဆက်စပ်သူများဟု စွပ်စွဲ၍ ဖမ်းဆီးခြင်းခံလိုက်ရသော လူငယ်များမှာ စမြကြီးအပါအဝင် အယောက် ၂၀ ထက်မနည်းရှိနေပြီး ဖမ်းဆီးခံရသူများ၏နေအိမ်များအား ချိတ်ပိတ်ခြင်းနှင့် ရှာဖွေဖမ်းဆီးခြင်းများ ဆက်လက်လုပ်ဆောင်နေသောကြောင့် ညောင်တုန်းမြို့နေပြည်သူများ စိုးရိမ်ကြောက်လန့်စွာ နေထိုင်နေရကြောင်း မြို့ခံများက ပြောသည်။