ဇွန်လ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မြဝတီမြောက်ဘက်ရှိ ရွှေကုက္ကိုလ်ဒေသတွင် ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့မှစ၍ လျှပ်စစ်မီးဖြတ်တောက်ထားရာမှ ယခုရက်ပိုင်းတွင် ထိုင်းနိုင်ငံဘက်မှယူထားသည့် အင်တာနက် WiFi လိုင်းများကိုလည်း ဖြတ်တောက်ခြင်းခံနေရ ကြောင်း ရွှေကုက္ကိုလ်ဒေသခံတစ်ဦးက ကေအိုင်စီသို့ပြောသည်။
အဆိုပါ ဒေသတွင် ပြည်ပမှလာရောက်သည့် တရုတ်လူမျိုးများအပြင် အခြားနိုင်ငံခြားသားများနှင့် နယ်ခြား စောင့်တပ် ( BGF) တပ်များက ကာစီနို လောင်းကစားရုံများ၊ အွန်လိုင်းလောင်းကစားများနှင့် အွန်လိုင်း လူခေါ် ပေးရသည့်လုပ်ငန်းစသည့် နေရာများတွင် ထိုင်းနိုင်ငံမှ WiFi အင်တာနက်များကို အဓိက အသုံးပြု လုပ်ကိုင် နေရပြီး လက်ရှိတွင် ထိုင်နိုင်ငံဘက်ခြမ်းမှ WiFi လိုင်းများကို ဖြတ်တောက်လိုက်သောကြောင့် အဆိုပါ လုပ်ငန်းတချို့မှာ ရပ်နားထားရကြောင်း ရွှေကုက္ကိုလ် ဒေသခံတစ်ဦးက ယခုလိုပြောသည်။
“WiFi တွေထိုင်းဘက်ကဖြတ်လိုက်တယ်။ ကျနော်တို့အလုပ်လုပ်တဲ့ တရုတ်ကုမ္ပဏီမှာ ထိုင်းဘက်ခြမ်းက WiFi ဖြတ်လိုက်တော့ တရုတ်ကုမ္ပဏီတွေတော်တော်များများက အလုပ်လုပ်လို့မရဘူး။ ဘာလို့လဲဆိုတော့ လောင်းကစား နေရာတွေ အွန်လိုင်းလူခေါ်လုပ်ငန်းတွေက အင်တာနက်ကောင်းမှ လုပ်လို့ရတာလေ”ဟု ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့မှစ၍ မြဝတီမြောက်ဘက်ရှိ ရွှေကုက္ကိုလ်ဒေသနှင့် မြဝတီမြို့တောင်ဘက်ပိုင်းရှိ အင်ကြင်းမြိုင်ဒေသတို့ကို သွယ်တန်းပေးဝေနေသည့် ထိုင်းနိုင်ငံက လျှပ်စစ်မီးများကို ဖြတ်တောက် လိုက်ပြီးနောက် ယခုလို အင်တာနက် WiFi လိုင်းများကို ထပ်မံဖြတ်တောက်လိုက်ခြင်းဖြစ်သည်။
ထိုသို့ လျှပ်စစ်မီးများ ဖြတ်တောက်ခံလိုက်ရသော်လည်း ရွှေကုက္ကိုလ်ဒေသအနီးရှိ ကျေးရွာ ၆ ခုတွင် မြဝတီမြို့အမှတ် ၂ တံတားဘက်ခြမ်းမှ သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားများကို အချိန်အကန့်အသတ်ဖြင့် ပေးနေကြောင်းလည်း ရွှေကုက္ကိုလ်ရွာသားတစ်ဦးက ကေအိုင်စီသို့ ဖြည့်စွက်ပြောသည်။
“အခုမီးက မြဝတီအမှတ် ၂ တံတားဘက်က လာတဲ့မီး မနက် ၆ နာရီသူပေးရင်နေ့လည်ပိုင်း ၁၁ လောက် ဆိုပြတ်သွားပြီ။ အချိန်ပိုင်းနဲ့မီးပေးနေတာ တစ်ပတ်လောက်ရှိပြီး။ ရပ်ကွက်တစ်ရပ်ကွက်ကို နာရီပိုင်းနဲ့ပေးတယ်။ တစ်ခါတစ်လေ နေ့လည်ပိုင်းလောက်ပေးလိုက်တယ်။ ညပိုင်း တစ်ညလုံးမလာတော့ဘူး”ဟု ၎င်းက ဆိုသည်။
ရွှေကုက္ကိုလ်ဒေသကို ထိုင်းနိုင်ငံဘက်ခြမ်းမှ ပေးသည့်လျှပ်စစ်ဓာတ်အားနှင့် WiFi လိုင်းများလည်း ဖြတ်တောက်ခံ ထားရသော်လည်း တရုတ်ကာစီနိုရုံများတွင် မီးစက်ကြီးများကို အသုံးပြုလည်ပတ်နေပြီး ကျေးရွာနေ ဒေသခံ ပြည်သူများမှာမူ အလုပ်လုပ်ကိုင်ရန် အခက်အခဲများရှိလာကြောင်းလည်း ဒေသခံများထံမှ သိရသည်။



















