Home သတင်း သရက်ချောင်းမြို့ ရဲစခန်းရှေ့တွင် စစ်ဆေးရေးဂိတ်ချပြီး ငွေညှစ်တောင်းခံမှုများပြုလုပ်

သရက်ချောင်းမြို့ ရဲစခန်းရှေ့တွင် စစ်ဆေးရေးဂိတ်ချပြီး ငွေညှစ်တောင်းခံမှုများပြုလုပ်

1075
Photo-Crd

ဇွန်လ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ သရက်ချောင်းမြို့ပေါ်ရှိ မြို့နယ် ရဲစခန်းအရှေ့တွင် စစ်ဆေးရေး ဂိတ်ချပြီး ဖြတ်သန်းသွားလာသည့် ယာဉ်များထံမှ ငွေညှစ်တောင်းခံမှုများ ပြုလုပ်လျက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

ယခုဇွန်လ ပထမအပတ်မှ စတင်ကာ နေ့စဉ် နံနက် ၆ နာရီအချိန်ဝန်းကျင်မှစ၍ အချိန်ပြည့် စစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး ဖြတ်သန်းသွားလာသည့် ယာဉ်များထံမှ အကြောင်းအမျိုးမျိုးပြကာ ကားပေါ်ပါ လာသည့် ပစ္စည်းများကို စစ်ဆေးမှုများပြုလုပ်ပြီး ငွေညှစ်တောင်းခံမှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူ သရက်ချောင်းမြို့ခံတစ်ဦးက ယခုလိုပြောသည်။

“ကားပေါ်ပါတဲ့ပစ္စည်းတွေကို တစ်ခုပြီးတစ်ခုစစ်တယ်။ သူတို့စိတ်တိုင်းကျမှ ပေးသွားတယ်။ ပြီးတော့ ဘောလုံးကားတွေပေါ့ အဲ့ကားတွေကျတော့ သောင်းချီတောင်းသလောက်ပေးရတယ်။ အဲ့ဒီမှာက ရဲသက် သက်ပဲ။ ပိုက်ဆံတောင်းနေတာ။ ရွာတွေဘက်မှာ တိုက်ပွဲဖြစ်နေတော့ အခုလိုဂိတ်ချပြီး ပိုက်ဆံတောင်း နေ တာ။” ဟု ၎င်းက ကေအိုင်စီ သို့ပြောသည်။

ထို့အပြင် သရက်ချောင်းမြို့နယ်အတွင်းရှိ သရက်ချောင်းရဲစခန်းဂိတ်အပါအဝင် ပေါက်တိုင်း တံတား စစ်ဆေးရေးဂိတ်၊ ရွှေဂူတံတား စစ်ဆေးရေးဂိတ်၊ ဥတ္တူတံတားစစ်ဆေးရေးဂိတ်များတွင်လည်း အလားတူ ငွေညှစ် တောင်းခံမှုများ ပြုလုပ်လျက်ရှိနေကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။

အဆိုပါ လုပ်ရပ်များသည် တရားမဝင်ကြောင်းနှင့် စစ်အာဏာရှင်လက်အောက် ကာလတွင်ဥပဒေကို လက်ကိုင်တုတ်သဖွယ် ပြုလုပ်ပြီးပြည်သူများအပေါ် နိုင်ထက်စီးနင်းခြင်းသာ ဖြစ်ကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု -CDM ပြုလုပ်ထားသည့် ဒုတပ်ကြပ် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ ရဲတွေက ပြည်သူတွေဆီကနေ ပိုက်ဆံတောင်းဖို့ကကျတော့ ဘယ်ဥပဒေသမှ ပြထားတာ တော့မရှိဘူး။ ဒါပေမဲ့လည်း အရင်အဆက်ဆက်ကတည်းက ဒါတွေက နားလည်မှုနဲ့ အပေး အယူ တွေရှိခဲ့ကြတယ်။ အခုအခြေအနေမှာတော့ ဒီကောင်တွေရဲ့ အနိုင်ကျင့်တောင်းရမ်းမှု‌တွေက ပိုမို များပြား လာ တယ်။ ဘာကြောင့်လဲဆိုတော့ ဒီကောင်တွေရဲ့ပါးစပ်ပေါက်က ထွက်တဲ့ဟာမှန်သမျှက လုပ်ချင် တာမှန်သမျှ ကို ဥပဒေဆိုပြီးတော့ လုပ်နေကြတယ်။”ဟု ပြောသည်။

အလားတူ အဆိုပါသရက်ချောင်းမြို့အနီးရှိ ရငဲကျေးရွာတွင်လည်း အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ စစ်ကြောင်းထိုးဝင်ရာက်ပြီး နေအိမ် လေးလုံးထက်မနည်းကို မီးရှို့ခဲ့ပြီး ဒေသခံများကို ဖမ်းဆီးခြင်းနှင့် နေအိမ်နှင့်စျေးဆိုင်များကိုဖျက်ဆီးခြင်း၊ တန်ဖိုးကြီး ပစ္စည်းအပြင် ဖုန်း၊ အဝတ်အထည် နှင့် စားသောက်ကုန်ပစ္စည်းများကို ယူဆောင်သွားခြင်းများပြုလုပ်ခဲ့သေးကြောင်း ဒေသတွင်း သတင်းမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။