Home သတင်း နတ်သံကွင်းတိုက်ပွဲအပြီး ကျောက်ကြီးနှင့်မုန်းတွင် ကုန်ဈေးနှုန်းများ နှစ်ဆနီးပါးမြင့်တက်

နတ်သံကွင်းတိုက်ပွဲအပြီး ကျောက်ကြီးနှင့်မုန်းတွင် ကုန်ဈေးနှုန်းများ နှစ်ဆနီးပါးမြင့်တက်

567

ဇွန်လ ၁၅ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်ရှိ ကျောက်ကြီးနှင့် မုန်းမြို့နယ်တို့တွင် နတ်သံကွင်း တိုက်ပွဲအပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲ သွား၍ အခြေခံစားသောက်ကုန်ဈေးနှုန်းများ နှစ်ဆနီးပါးမြင့်တက်လာကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ(၆)ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ် များနှင့်စစ်ကောင်စီတပ်တို့ အကြားဖြစ်ပွားခဲ့သည့် နတ်သံကွင်းမြို့တွင်း တိုက်ပွဲတွင် တံတားကျိုး ကျ ပျက်စီးသွားပြီးနောက် သွားလာရေးနှင့်ပစ္စည်းသယ်ယူပို့ဆောင်ခြင်းတို့အတွက် လှေများကိုသာ အသုံးပြုလာရပြီး စစ်ကောင်စီက ဒေသအတွင်း ဆန်သယ်ဆောင်ခွင့် အား ကန့်သတ် ထားဆဲဖြစ်ခြင်းတို့ကြောင့် ကုန်ပစ္စည်းပြတ်လပ်မှုများရှိလာကြောင်း မုန်းမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

၎င်းက “မုန်း-ကျောက်ကြီးကားလမ်းမကြီးနားမှာက တော်သေးတယ်။ တောင်ခြေမှာဆိုရင် ဆန်ဈေးပိုကြီးတယ်။ တံတားတွေသုံးလို့မရတော့ ကူးတို့လှေတွေနဲ့ သယ်ယူပို့ဆောင်ရေး လုပ်နေရတယ်။ ဆန်ရော၊ အခြားကုန် ပစ္စည်းတွေရော ဈေးကြီးတာအပြင် ပြတ်လပ်တဲ့ အထိပါဖြစ်ကုန်တော့ ဈေးတွေတက်ကုန်တာပါ။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ယခင်ဆန်တစ်အိတ်ဈေး ငါးသောင်းဝန်းကျင်မှ ယခု ၈ သောင်းခွဲအထိ ပေးဝယ်နေရသလို စစ်တောင်းမြစ်အရှေ့ဘက်ကမ်းတွင် ဒေသခံများဆန်တစ်အိတ်၊ နှစ်အိတ်ဝယ်ယူလာသည်ကအစ စစ်ကောင်စီတပ်များက စစ်ဆေးရေးလုပ်ဆောင်နေပြီး ပါလာသောဆန်အိတ်များအား သိမ်းယူ ပြီးနောက် ငွေကျပ်ငါးထောင်၊ တစ်သောင်းဖြင့် ပြန်လည်ရွေးခိုင်းခြင်းများပါ လုပ်ဆောင်နေ ကြောင်း လည်း ဒေသခံများက ပြောသည်။

ဆက်လက်ပြီး စစ်ကောင်စီတပ်များက နတ်သံကွင်းမြို့အနီးတစ်ဝိုက်တွင် လက်နက်ကြီး ပစ်ခတ်မှု များ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သလို ပြီးခဲ့သည့် ဇွန်လ(၁၁)ရက်နေ့ညပိုင်းကလည်းရေတွင်း ကုန်းကြီး ကျေးရွာတွင် လက်နက် ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်ပြန်နေသည့် အမျိုးသားတစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ကြောင်း ရွာခံအမျိုးသားတစ်ဦးက ပြောသည်။

“ရေတွင်းကုန်းကြီးရွာကသူတွေက ညဆိုရင် သူတို့ရွာမှာမအိပ်ရဲကြဘူး။ နေ့ဘက်ကျတော့ အိမ်ခဏ ပြန်ပြီး ကျွဲနွားပြန်ကြည့်ပေါ့။ ရွာထဲမှာ သန်သန်မာမာအမျိုးသားလောက်ပဲ ကျန်သူတွေမရှိဘူး။ အဲ့နေ့က ရွာသားတစ်ယောက်က အိမ်မှာအိပ်ကျန်နေခဲ့တာ လက်နက်ကြီး အိမ်နားကျလို့ဆ ုံးသွားတယ်။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

လတ်တလော မုန်းမြို့နယ်ထဲတွင် စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်သည့် ပြည်သူနှစ်သောင်းကျော်ရှိ သည့်အနက် အများစုမှာ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အို များဖြစ်ကြပြီး လက်ရှိ ကုန်ဈေးနှုန်းကြီးမြင့်မှုများကြောင့် စစ်ဘေးရှောင်များအား စားနပ်ရိက္ခာ ထောက်ပံ့ရေး ခက်ခဲလာသလို မိုးတွင်းကာလ ဖြစ်သည့်အတွက် အမိုးအကာ၊ စောင်၊ ခြင်ထောင်၊ ဆေးဝါးလိုအပ်ချက်များရှိကြောင်းနှင့် အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ပြေးလွှားလာရသော စစ်ဘေးရှောင် ပြည်သူများအတွက် အဝတ်အစားအလှူရှင်များလည်း လိုအပ်နေကြောင်း စစ်ဘေး ရှောင်ကူညီနေသူများထံမှ သိရသည်။

ပြီးခဲ့သည့်ဇွန်လ (၆)ရက်နေ့က နတ်သံကွင်းမြို့မရဲစခန်းနှင့် အနီးရှိစစ်ကောင်စီတပ်စခန်းများအား KNLA ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်သည့်တိုက်ပွဲတွင် စစ်ကူမလာနိုင်ရန် ပူးပေါင်းတပ်များက ကျောက် ကြီး-နတ်သံကွင်းတံတားအပါအဝင် တံတား(၃)စင်းအား ဖျက်ဆီးခဲ့ပြီး ထိုတိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်(၄၀)ဦးသေဆုံးသည့်အပြင် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့သည်ဟု ကေအဲန်ယူ၏ ဇွန်လ(၈)ရက်နေ့ ထုတ်ပြန်ချက်တွင် ဆိုထားသည်။

အလားတူ စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုနှင့် နတ်သံကွင်းမြို့အတွင်း လေကြောင်းသုံး တိုက်ခိုက်မှု ကြောင့် ကျောက်ကြီးနှင့်မုန်းမြို့နယ်မှ ဒေသခံပေါင်း (၄,၀၀၀) ကျော် ဘေးလွတ်ရာသို့ထွက်ပြေး ထပ်မံတိမ်းရှောင်နေခဲ့ရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှသိရသည်။