ဇွန်လ ၁၅ ရက်၊၂၀၂၃ ခုနှစ်။ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်၊ လူသောမြို့နယ်နှင့် ဒွယ်လိုးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် စခန်း ၈ခုကို ဇွန်လ ၇ ရက်နှင့် ၉ ရက်နေ့အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA က တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဘက်မှ ၈ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ မူတြော်မူတြော်ခရိုင်သတင်းစဉ်က ယမန်နေ့တွင် သတင်းထုတ်ပြန် ထားသည်။
စစ်ကောင်စီတပ်စခန်းအခြေစိုက်ရာ ထိုကီဒေး၊ မော်ဖူး၊ နားထီးနို၊ မဲတပယ်တူ၊ ပေါ်ဘွေကျိုး၊ ခူးသူးထာ့၊ ကဟီးလူ၊ ကဟီးကျိုး၊ ကူးဆိပ်၊ ထိုကီနှင့် ဒဲသီးကျိုး စသည့် ဒေသများရှိ တပ်စခန်းများကို KNLA တပ်ဖွဲ့ဝင်များက ပြောက်ကျားစနစ်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့သော်လည်း KNLA ဘက်မှ တစ်စုံတစ်ရာ ထိခိုက်မှုမရှိခဲ့ကြောင်း ကေအဲန်ယူ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းအပြင် ကေအဲန်ယူ တပ်မဟာ ၅ နယ်မြေတွင် ဇွန်လနှစ်ပတ်တာအတွင်း စစ်ကောင်စီတပ်များ ကြားဖြတ်တိုက်ခိုက်ခံရမှု ၃၁ ကြိမ်ရှိခဲ့ပြီး ၂၀ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်းလည်း ကေအဲန်ယူ၏ ဖော်ပြ ချက်အရ သိရသည်။
ကေအဲန်ယူ တပ်မဟာ ၅ နယ်မြေအတွင်း စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်များအကြား မကြာခဏ တိုက်ပွဲဖြစ်ပွားနေသောကြောင့် နယ်မြေခံအရပ် သားပြည်သူများအနေဖြင့် သွားလာရေးခက်ခဲမှုများရှိလာကြောင်းလည်း ဒေသခံများက ပြောဆိုကြသည်။
ပြီးခဲ့သည့် မေလတွင်လည်း စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် (BGF) တပ်များနှင့် KNLA တပ်ဖွဲ့ များအကြား တိုက်ပွဲပေါင်း ၂၀၀ အထိ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် BGF တပ်ဘက်မှ စုစုပေါင်း ၁၂၂ ဦးသေဆုံးခဲ့ကာ ၄၈ ဦးဒဏ်ရာရရှိခဲ့ကြောင်းလည်း ကေအဲန်ယူ မူတြော်ခရိုင်သတင်းစဉ်က ထုတ်ပြန်ခဲ့သည်။



















