Home သတင်း ရွှေကုက္ကိုလ်နှင့် အင်ကြင်းမြိုင်ဒေသ ၂ ခုကို ပေးသည့် လျှပ်စစ်ဓာတ်အားလိုင်း ထိုင်းဖြတ်တောက်

ရွှေကုက္ကိုလ်နှင့် အင်ကြင်းမြိုင်ဒေသ ၂ ခုကို ပေးသည့် လျှပ်စစ်ဓာတ်အားလိုင်း ထိုင်းဖြတ်တောက်

754

ဇွန်လ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ကေအိုင်စီ

မြဝတီမြောက်ဘက်ရှိ ရွှေကုက္ကိုလ်ဒေသနှင့် မြဝတီမြို့တောင်ဘက်ပိုင်းရှိ အင်ကြင်းမြိုင်ဒေသတို့ကို သွယ်တန်းပေးဝေနေသည့် ထိုင်းနိုင်ငံက လျှပ်စစ်မီးများကို ဇွန်လ ၅ ရက်နေ့ ညသန်းခေါင် အချိန်တွင် ဖြတ်တောက်လိုက်ပြီးဖြစ်ကြောင်း ရွှေကုက္ကိုလ်ဒေသခံရွာသားတစ်ဦးက အတည်ပြုပြောဆိုသည်။

အဆိုပါ ဒေသ ၂ ခုကို ထိုင်းနိုင်ငံဘက်ခြမ်းမှ လျှပ်စစ်မီးလိုင်း နှစ်ကြောင်းဖြင့် ပေးဝေရာတွင် လျှပ်စစ်မီး ပေးဝေရေး နှစ်နိုင်ငံကုမ္ပဏီများ၏ စာချုပ်သက်တမ်းများ ကုန်ဆုံးသွားခြင်းကြောင့် လျှပ်စစ်မီးဖြတ် တောက်မည်ဟု ကနဦးသတင်းများထွက်ပေါ်လာရမှ ယနေ့တွင် မီးအမှန်တကယ်ဖြတ်တောက် သွားခြင်း ဖြစ်သည်ဟု ရွှေကုက္ကိုလ်ဒေသခံရွာသားတစ်ဦးက ယခုလိုပြောသည်။

“ည ၁၂ နာရီက မီးပြတ်ကုန်ပြီး။ တရုတ်ကာစီနိုတွေရော ရပ်ကွက်တွေကရော အကုန်ပြတ်ကုန်ပြီး။ တရုတ်ဆိုက်ဘက်ကျတော့ မီးစက်ကြီးနဲ့မောင်းတော့ ရတယ်။ ထိုင်းကပေးတဲ့ မီးလိုင်းက ၂ လိုင်း ရှိတယ်။ မြဝတီဘက်ပေးတဲ့ တစ်လိုင်းကလာတယ်။ ရွှေကုက္ကိုလ်တစ်ကြောပေးတဲ့လိုင်းကျတော့ ပြတ်သွားတယ်။ မီးသမားတွေပြောတာတော့ တစ်ပတ်လောက်စောင့်ကြည့်ရမယ်တဲ့” ဟု ပြောသည်။

ထိုသို့ လျှပ်စစ်ဓာတ်အားဖြတ်တောက်ခြင်းသည် ထိုင်းအစိုးရနှင့်ရွှေမြစ်သောင်ရင်း ကုမ္ပဏီတို့အကြား ချုပ်ဆိုထားသည့် လျှပ်စစ်ဓါတ်အားပေးဆိုင်ရာ သဘောတူညီချက်စာချုပ်သက်တမ်းကုန်ဆုံးမှုကြောင့် ယခုလို လျှပ်စစ်ဓာတ်အားဖြတ်တောက်ခြင်းဖြစ်သည်ဟု ရွှေကုက္ကိုလ်ဒေသခံရွာသားများထံမှ သိရသည်။

ထို့အပြင် ရွှေကုက္ကိုလ်ဒေသရှိ ရပ်ကွက်များတွင် လျှပ်စစ်ဓာတ်အား ဖြတ်တောက်ခံထားရမှုကြောင့် လျှပ် စစ်ဖြင့်အသုံးပြုလုပ်ကိုင်နေသည့် ဒေသခံရွာသားများအနေဖြင့် လုပ်ငန်းတွင်ခက်ခဲမှုများရှိလာကြောင်း နောက်ထပ်ရွှေကုက္ကိုလ်ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“မီးဖြတ်မယ်ဆိုတာတော့ သတင်းကြားနေတာ ၄ ရက်လောက်ရှိပြီး။ ညက မီးစပြတ်သွားတယ်။ ကျနော်တို့ အလုပ်က အဲယားကွန်းပြင်၊ ဝရိန်တို့အလုပ်လုပ်နေတော့ မီးစက်ကြီးရှိတဲ့ အိမ်လောက်ပဲ ခေါ်လုပ်တော့တယ်။ ဒီနေ့တော့ အလုပ်မသွားရတော့ဘူး”ဟု ကေအိုင်စီသို့ပြောသည်။

အလားတူ ရွှေကုက္ကိလ်ဒေသတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများကြောင့် ဒေသခံရွာသာများနှင့် ပြည်ပမှရောက်ရှိလာသည့် တရုတ်၊ ထိုင်းစသည့်နိုင်ငံသားများက မီးစက်များကို အသုံးပြုရန် ရှာဖွေ ဝယ်ယူ မှုများ ပြုလုပ်နေကြကြောင်းလည်း ဒေသခံရွာသားများထံမှ သိရှိသည်။

အဆိုပါ လျှပ်စစ်မီး ဖြတ်တောက်ခံလိုက်ရခြင်းကြောင့် မြဝတီမြို့မှလွဲ၍ ရွှေကုက္ကိုလ်ကျေးရွာ နှင့် မြို့သစ် စီမံကိန်းနေရာရှိ ကာဆီနိုလောင်းကစားရုံများအပြင် အင်ကြင်းမြိုင် ဒေသရှိ မင်းလက်ပံ၊ မယ်ထော် သလေး၊ ဖလူးနှင့်အင်ကြင်းမြိုင်အစရှိသည့် ဒေသများတွင် လျှပ်စစ်မီးပြတ်တောက်သွားပြီးဖြစ်ကြောင်း သိရသည်။