Home သတင်း ကရင်နီပြည်နယ် ဒီးမောဆိုနှင့်ဖရူဆိုမြို့နယ်ရှိစစ်ဘေးရှောင်များ စားနပ်ရိက္ခာများလိုအပ်နေ

ကရင်နီပြည်နယ် ဒီးမောဆိုနှင့်ဖရူဆိုမြို့နယ်ရှိစစ်ဘေးရှောင်များ စားနပ်ရိက္ခာများလိုအပ်နေ

964

ဇွန်လ ၂၁ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမောဆိုမြို့နယ်နှင့်ဖရူဆိုမြို့နယ်ရှိ စစ်ဘေးရှောင်များသည် စားနပ်ရိက္ခာအကူ အညီ များ မရရှိကြသည်မှာ အချိန်တန်ကြာပြီးဖြစ်၍ လက်ရှိတွင် အကူအညီအထောက်အပံ့များ လိုအပ်နေကြောင်း ၎င်းစစ်ဘေးရှောင်များထံမှသိရသည်။

အဆိုပါမြို့နယ်ရှိ စစ်ဘေးရှောင်‌များသည် ကျန်းမာရေးစောင့်ရှောက်မှုရရှိသော်လည်း စားနပ်ရိက္ခာနှင့် မိုးတွင်း ကာလ အမိုးအကာ အသုံးအဆောင်ပစ္စည်းများ မရရှိတော့သည်မှာ ၅ လ နီးပါးကြာမြင့်ပြီးဖြစ်သောကြောင့် လက်ရှိ မိုးတွင်းကာလ၌ စားနပ်ရိက္ခာကူညီထောက်ပံ့မှုများလိုအပ်နေကြခြင်းဖြစ်ကြောင်း ဒီးမောဆိုမြို့နယ်ရှိ စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

“ဆရာဝန်တွေကကျန်းမာ‌ရေးအတွက်လာကြည့်ပေးတယ်။ ဒါပေမဲ့ စားသောက်ကုန်တွေ အသုံးအဆောင်တွေ မရောက်လာတာ ၅လ လောက်ရှိပြီး။ အခုကမိုးတွင်းဖြစ်တော့ အိမ်(တဲ)အတွက် အမိုးအကာလဲလိုအပ်တယ်။ တကယ်အဆင်မပြေတဲ့မိသားစုတွေက အဓိက ဆန်လိုအပ်တယ်။ ထမင်းတောင် လျော့စားရတယ်”ဟု ကေအိုင်စီ သို့ပြောသည်။

ထိုသို့ ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာရရှိရေးအတွက် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများမှ ပုံမှန်ချိတ်ဆက်လုပ်‌ဆောင်မှုရှိကြောင်းနှင့် စစ်ဘေးရှောင်များ စားနပ်ရိက္ခာ မပြတ်လပ်မီ ကြိုတင် တင်ပြသင့်ကြောင်း ကရင်နီလူအခွင့်အရေး ဒါရိုက်တာ ကိုဗညားက ယခုလိုပြောသည်။

“ကျနော်တို့စားနပ်ရိက္ခာနဲ့ပတ်သက်ပြီး ဒီမှာအလုပ်လုပ်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပုဂ္ဂလိက အဖွဲ့အစည်း တွေနဲ့ပုံမှန်ချိတ် ဆက်မှုရှိတယ်။ စစ်ဘေးရှောင်ကလည်း စားနပ်က္ခာဘယ်နှစ်ပတ်စာကျန်သေးလဲ စစ်ဆေးဖို့လို တယ်။ အနည်းဆုံး နှစ်ပတ်ကျန်ပြီးဆိုစပြီးတင်ပြဖို့လိုတယ်။ နိုင်ငံတကာအကူအညီတောင်းရတော့ အခုတောင်း အခုရတာမဟုတ်ဘူ။ Project တစ်ခုက စုဆောင်းရတယ်၊ပြန်လည်ပို့ဆောင်တာ၊ ပစ္စည်းပြန်ဝယ်တာ၊ လမ်း ကြောင်းပိတ်ခံရတာရှိတယ်။ ကော်မတီတစ်ခုချင်းစီကလည်းစခန်းတစ်ခုမှာ စားနပ်ရိက္ခာအနည်းဆုံးနှစ်ပတ်၊ တစ်လလောက်ကျန်ပြီးဆိုချက်ချင်းကြိုတင်အကြောင်းဖို့လိုအပ်တယ်” ဟု ကေအိုင်စီသို့ပြောသည်။

၎င်းစစ်ဘေးရှောင်များကို စားနပ်ရိက္ခာနှင့် လိုအပ်သည့် အကူအညီ ထောက်ပံ့မှုများပေးရာတွင် စစ်ကောင်စီ တပ်၏ လမ်းကြောင်း ပိတ်စို့ခြင်းနှင့် ကုန်ဈေးနှုန်း မြင့်တက်လာခြင်းတို့ကြောင့် ရရှိလာသော ငွေပမာဏ နှင့် ပစ္စည်းများဝယ်ယူသည့်အခါ မလောက်ငှမှုများရှိကြောင်းလည်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ကပြောသည်။ ‌

လတ်တလောတွင် ကရင်နီ(ကယား)ပြည်နယ်တွင် စစ်ကောင်စီနှင့် နယ်မြေခံ တော်လှန်ရေးအင်းအားစုတို့ အကြား တိုက်ပွဲများ နေ့စဉ်ပြင်းထန်နေပြီး ‌ဒီးမောဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်တွင် စစ်ဘေးရှောင်ဦး ရေတစ်သိန်း ကျော်ရှိပြီး ကရင်နီ(ကယား)ပြည်နယ်တစ်ခုလုံးအတိုင်းအတာအနေဖြင့် စစ်ဘေးရှောင်ဦးရေ နှစ်သိန်းခွဲ ကျော်ထိ ရှိနေကြောင်းလည်း သတင်းမှတ်တမ်းများအရ သိရသည်။