Home သတင်း စစ်ကောင်စီစာသင်ကျောင်းအချို့တွင် ကိုယ်ထူကိုယ်ထကျောင်းမှ ကျောင်းသူ/သားများကို လက်မခံ

စစ်ကောင်စီစာသင်ကျောင်းအချို့တွင် ကိုယ်ထူကိုယ်ထကျောင်းမှ ကျောင်းသူ/သားများကို လက်မခံ

574

ဇွန်လ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းအချို့တွင် ကိုယ်ထူကိုယ် ထကျောင်းမှ တစ်ဆင့်ပြောင်းရွှေ့လာသည့် ကျောင်းသူ/ကျောင်းသားများကို လက်မခံကြကြောင်း ကျောင်းသားမိဘနှင့် ကျောင်းဆရာ/မများထံမှ သိရသည်။

ကိုယ်ထူကိုယ်ထကျောင်းမှထွက်သည့် ကျောင်းသူကျောင်းသားများသည် တရားမဝင် သည့်ကျောင်းမှ လာသည်ဆိုပြီး စစ်ကောင်စီ လက်အောက်ခံစာသင်ကျောင်းအချို့က လက်မခံကြသလို လက်ခံသည့် ကျောင်းများတွင်လည်း အတန်းတစ်တန်းလျှော့ချပြီးမှ တက်ခွင့်ပေးကြောင်း ကျောင်းဆရာ/မများ၏ ပြောဆိုချက်အရ သိရသည်။

ကျုံဒိုးဒေသရှိ ကျောင်းဆရာမတစ်ဦးက“ ကျမတို့ကိုယ်ထူကိုယ်ထကျောင်းက ထွက်ရင် သူတို့က တရား မဝင်ဘူး၊ လက်ခံလို့မရဘူးပြောတာရှိတယ်။ ပြီးတော့ အတန်းပေးမတင်ဘူး ။ အရည်အချင်း မမီဘူးဆိုပြီးပြောတာရှိတယ်။ တချို့က နားလည်မှုယူပြီး လက်ခံတဲ့ကျောင်းရှိတယ်။ လက်မခံတဲ့ ကျောင်းလည်းရှိတယ်။ ကျမတို့ကျောင်းဆိုရင် ကိုယ်ထူကိုယ်ထပေမယ့်လည်း ကေအဲန်ယူ ထိန်းချုပ်နယ်မြေမှာမို့လို့ KNU မြို့နယ်မှာ ကျောင်းထွက်လက်မှတ်ထုတ်တယ်။ အဲဒီကျောင်းထွက် လက်မှတ်နဲ့က တချို့က လက်မခံဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီလက်အောက်ခံစာသင်ကျောင်းမှ လက်မခံသည့်အတွက် ကျောင်းသူ၊ ကျောင်းသား အချို့သည် မြို့ပေါ်ရှိ ကိုယ်ပိုင်ကျောင်းများတွင် ပြန်လည်ပြောင်းရွှေ့ရကာ ကိုယ်ပိုင်ကျောင်းများ တွင်လည်း ဝင်ခွင့်အောင်ပြီးမှ တက်၍ရကြောင်းလည်း ကျောင်းသားမိဘများက ပြောသည်။

“ ကလေးတွေက ကိုဗစ်နဲ့ ကျောင်းအောက်ထားတယ်။ ပြီးတော့ စစ်အာဏာသိမ်းတော့လည်း ကျောင်းမတက်ရဘူး။ အတန်းကလည်းကြီးလာပြီးဆိုတော့ မနှစ်က ရွာကကိုယ် ထူကိုယ်ထ ကျောင်းမှာပဲထားတယ်။ ဒီနှစ်က မြို့မှာအစိုးရကျောင်းမှာသွားထားမယ်ဆိုတော့ လက်မခံဘူးပြောတော့ ကိုယ်ပိုင်ကျောင်းမှာသွားပြန်ထားရတယ်။ ”ဟု ကျောင်းသားမိဘတစ်ဦးက ကေအိုင်စီသို့ပြောသည်။

ကေအဲန်ယူထိန်းချုပ်နယ်မြေထဲရှိ ယခင်အစိုးရလက်အောက်ခံ စာသင်ကျောင်းအများစုသည် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ ပညာရေးအောက်တွင် စာသင် ကျောင်းမဖွင့်တော့ဘဲ အများစုမှာ ကိုယ်ထူကိုယ်ထကျောင်အနေဖြင့်သာ ကျောင်းဆက် လက်ဖွင့်ကြသည်ဟု သိရသည်။

ထို့အပြင် စစ်အာဏာသိမ်းမှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် အစိုးရ စာသင်ကျောင်းအချို့သည် ကေအဲန်ယူ၏ ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန (KECD) အုပ်ချုပ်မှုအောက်တွင် ပြန်ဝင်လာသည့် စာသင်ကျောင်းရှိသလို အချို့မှာကိုယ်ထူကိုယ်ထကျောင်းအဖြစ်နှင့်သာ ရပ်တည်ကာ ကျောင်းဆရာ/မများကို ကျေးရွာက ထောက်ပံ့ပေးသည်ဟု သိရသည်။