ဇွန်လ ၂၆ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရှိ ပြည်သူလူထုများသည် လုံခြုံစိတ်ချရသည့် ကျန်းမာရေး ဆေးကုသ ခံယူမှု မရရှိသည့်အတွက် ၎င်းတို့ကို ဘေးကင်းလုံခြုံစွာ ကူအညီစောင့်ရှောင်ပေးနိုင်ရေးအတွက် နိုင်ငံတကာ အနေဖြင့် ကူညီဆောင်ရွက်ပေးရန် မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်း BMA (Burma Medical Association က တောင်းဆိုခဲ့သည်။
ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွင် ဇွန်၂၃ရက်နေ့မှ ၂၄ရက်အထိ ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံဆေးပညာ ရှင်များ အသင်း (BMA)၏ (၁၁) ကြိမ်မြောက်ညီလာခံအပြီးတွင် ထုတ်ပြန်ကြေငြာချက်ထုတ်ကာ နိုင်ငံတကာကို ထိုသို့ တိုက်တွန်းတောင်းဆိုခဲ့ခြင်းဖြစ်ပြီး အဆိုပါတိုက်တွန်းချက်နှင့်ပတ်သက်၍ BMA ညွန်ကြားရေးမှူး စောနေထူးက ကေအိုင်စီသို့ ယခုလိုပြောသည်။
၎င်းက “အားလုံးသိတဲ့အတိုင်းဘဲ တိုင်းပြည်ကြီးက အဘက်ဘက်က ပျက်ဆီးယိုယွင်းနေတယ်။ ကျနော်တို့ က တော့ ကျန်းမာရေးအဖွဲ့အစည်းကျန်းမာရေးဘက်တော်သားဖြစ်တဲ့အတွက် ကျန်းမာရေးနဲ့ဆိုင်တဲ့ ကိစ္စကို တင်ပြ တောင်းဆိုတာရှိတယ်။ အထူးသဖြင့် နယ်ခြားဖြတ်ကျော်တဲ့ အကူအညီတွေကို လွတ်လွတ် လပ်လပ်နဲ့ ဒေသ အတွင်းမှာရှိတဲ့ အစုအဖွဲ့တွေ အဖွဲ့အစည်းတွေကို လက်တွဲပြီး ကူညီပံ့ပိုးမှုတွေ အမြန် ဆုံးရ ရှိအောင် တောင်း ဆိုခဲ့ တာရှိတယ်။ နောက်တစ်ခုက လက်ရှိ နေရာတိုင်းမှာ လေယာဉ်လာပြီး ဗုံးကြဲတာတွေ တွေ့နေရတယ်။ ပြီးတော့ ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ ကျန်းမာရေးလုပ်သားတွေ ၊ဆေးရုံ ဆေးခန်းတွေ ဘေးအန္တရာယ်ကင်းစွာ ကူညီပံ့ပိုး နိုင်ဖို့ တောင်းဆိုတာတွေရှိတယ်”ဟု ကေအိုင်စီသို့ပြောသည်။
ထို့အပြင် စစ်ကောင်စီ၏ မတရား ဖမ်းဆီးထိန်းသိမ်းခံရသည့် ဆေးပညာရှင်များအပါအဝင် နိုင်ငံရေး အကျဉ်း သား အားလုံး ချွင်းချက်မရှိ ပြန်လွတ်ပေးနိုင်ငံရေးအတွက် နိုင်ငံတကာအနေဖြင့် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ပေးရန်အပြင် မြန်မာနိုင်ငံဖွား ဆေးပညာရှင်းများကိုလည်း ဒီမိုကရေစီပြည်ထောင်စုနှင့် လိုက်လျော ညီထွေသည့် အမျိုးသားကျန်းမာရေး နှင့် ဖယ်ဒရယ် ကျန်းမာရေးစနစ်တရပ် ပေါ်ပေါက်လာစေရန်အတွက် တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းများ ၊နိုင်ငံတကာ အစိုးရနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ပြည်သူ များနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးရန်ကိုလည်း ညီလာခံတွင် တိုက်တွန်းတောင်းဆိုထားသည်။
နှစ်ရက်တာ ပြုလုပ်သည့် ညီလာခံထဲတွင် မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်း၏ အလုပ်မှုဆောင်ကော်မတီ မှ ယခင် (၁၀) ကြိမ်မြောက် ညီလာခံသက်တမ်းအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအစီရင်ခံစာနှင့် ဘဏ္ဍာရေး အစီရင်ခံစာ များကို ပြန်လည် ဆွေးနွေးပြီးနောက် ၂၀၂၃မှ ၂၀၂၇ ခုနှစ်အတွင်းဆွေးနွေးပြုစုရေးဆွဲခဲ့သည့် မဟာ ဗျူဟာ လုပ်ငန်းစဉ်ကိုလည်း ညီလာခံတွင် ပြင်ဆင်အတည်ပြုသည့်အပြင် အသင်း၏ ဖွဲ့စည်းပုံ အခြေခံ စည်း မျဉ်းကိုလည်း ဖြည့်စွက်အတည်ပြုခဲ့ကြောင်း BMA၏ ညီလာခံ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

BMA၏ ညီလာခံကို (၄) နှစ်တစ်ကြိမ်ကျင်းပကာ ယခုနှစ်ကျင်းပသည့် (၁၁) ကြိမ်မြောက်ညီလာခံတွင် ဧည့်သည် တော်များအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး ဒေါက်တော ဇော်ဝေစိုး၊ တိုင်းရင်းသား ကျန်းမာရေးဌာနမှ ခေါင်းဆောင်များနှင့် မိတ်ဖက် အဖွဲ့အစည်း များမှ တာဝန်ရှိသူအပါအဝင် တက်ရောက်သူ စုစုပေါင်း (၁၀၉) ဦးရှိခဲ့သည်။
(၁၁) ကြိမ်မြောက်ညီလာခံသက်တမ်းအတွင်း တာဝန်ယူ တာဝန်ခံ ဆောင်ရွက်မည့် အလုပ်မှုဆောင် ကော်မတီ ဝင်(၁၁)ဦးကိုလည်း လျှို့ဝှက်မဲစနစ်ဖြင့် ပြန်လည် ရွေးချယ်တင်မြောက်ကာ ဥက္ကဌအဖြစ် ဒေါက်တာ စင်သီ ယာမောင် ဒုဥက္ကဌအဖြစ်ဒေါက်တာမြင့်ချို၊ အတွင်းရေးမှူးအဖြစ် ဆရာအေးလွင်၊ တွဲဖက်အတွင်းရေးမှူး အဖြစ် ဆရာမနန်းဝါဝါအောင်တို့ကို ပြန်လည်ရွေးချယ်တင်မြောက်ခဲ့သည်ဟုသိရသည်။
ညီလာခံ၏ ဆုံးဖြတ်ချက်ထဲတွင် လူတိုင်းလက်လှမ်းမီနိုင်သည့် ကျန်းမာရေးလွှမ်းခြုံမှု ကို ဦးတည်ကာ အရည် အသွေးပြည့်မီသည့် ကျန်းမာရေးအဆင့်အတန်း တရပ်ကို ပြည်သူလူထု တရပ်လုံးရရှိရန်အတွက် အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး လူထုကျန်းမာရေးအခွင့်အရေးများကို ဖြည့်ဆည်း ဆောင်ရွက်ပြီး ကာကွယ်မြှင့်တင်သွားမည်ဖြစ်သည်ဟု ဖော်ပြပါရှိသည်။
ထို့အတူ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်ခဲ့ကာ နိုင်ငံတကာ အဖွဲ့ အစည်းများနှင့်လည်း ဆက်လက်ပူးပေါင်းဆောင်ရွက်ပြီး စစ်ရေးပဋိပက္ခဖြစ်သည့်ဒေသနှင့် သဘာဝဘေး ဒဏ်ကြောင့် ဒုက္ခရောက်သည့် ဒေသတွင် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုနှင့်လူသား ချင်းစာနာမှု အကူအညီ အထောက်အပံ့ များရရှိရေးအတွက် လက်တွဲလုပ်ဆောင်သွားမည်ကိုလည်း ဆုံးဖြတ်ထားသည်။
မြန်မာနိုင်ငံ ဆေးပညာရှင်အသင်း BMAသည် ကရင်အမျိုသားအစည်းအရုံး-KNU၏ ယခင် ဗဟို ဌာနချုပ် ဟောင်းဖြစ်ခဲ့သည့် မာနယ်ပလော လွတ်မြောက်ဒေသ၌ ပထမဦးဆုံးအကြိမ်ကျင်းပသည့် အမျိုးသား ကျန်းမာရေးညီလာခံကြီး၏ လမ်းညွန်မှုဖြင့် ၁၉၉၁ ခုနှစ် ဇွန်လ( ၈) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။



















