ဇွန်လ ၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တံတန်ကူးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် တောင်ယာကွင်းအတွင်း အင်ဥရှာပြန်လာသည့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး ဒေသခံရွာသား ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်က ပြောသည်။
ယမန်နေ့ ဇွန်လ ၆ရက်နေ့တွင် ကော့ကရိတ်မြို့တောင်ပိုင်းရှိ ခုဒုံရွာ ဆံဖလားစာသင်ကျောင်းအား လေယာဥ် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဥ်အပြီး နံနက် ၉နာရီ အချိန်ခန့်တွင် ခနိမ်းမှု၊ တတန်ကူး၊ ဆင်ကုန်း ကျေးရွာများဘက်သို့ ကော့ကရိတ် ၉၇ တပ်က လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်သည့်အတွက် တောင်ယာကုန်းမှ အင်ဥရှာပြန် လာသည့်ဒေသခံ အမျိုးသမီး ၁ ဦး လက်နက်ကြီးကျည်အစမှန်ဒဏ်ရာဖြင့် သေဆုံးကြောင်း ဒေသခံ သတင်းအရင်းအမြစ်က ပြောသည်။
၎င်းက “မနက် ၉နာရီလောက် တံတန်ကူး ရွာကိုစစ်တပ်က လက်နက်ကြီးပစ်တာ အမျိုးသမီး ၁ ဦးသေဆုံး၊ ရွာသား ၃ ဦးဒဏ်ရာရတယ်။ ရွာကလူတွေကို စစ်တပ်ကခေါ်ပြောထားတာရှိတယ်။ ကရင်အဖွဲ့၊ PDF လက် သုံးချောင်းအဖွဲ့တွေ လာလို့ စစ်တပ်ကိုသတင်းမပို့ရင် ရွာထဲကို လက်နက်ကြီးနဲ့ ပစ်မယ်လို့ ခြိမ်းခြောက်တာတော့ ရှိထားတယ်။ အခု ပစ်တာရွာထဲကိုပဲ ပစ်ထည့်နေတယ်”ဟု ပြောသည်။

ထို့အပြင် ဇွန်လ ၇ ရက်နံနက်ပိုင်းတွင်လည်း ခနိမ်းမူ၊ ဆင်ကုန်း၊ တတန်ကူး ၊ ရန်ကုတ်ရွာဘက်ကို စစ်တပ် စစ်ကြောင်း ထွက်လာနေကြောင်း၊ ၉၇တပ်က လက်နက်ကြီး စိုးမိုးပစ်ကူပေးနေကြောင်း၊ KNLA ကူးပေါင်း တပ်များနှင့် ပစ်ခတ်မှုရှိနေကြောင်း ဒေသခံ စစ်ဘေးရှောင်များက ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၂ရက်နေ့တွင်လည်း စကခ ၁၂ စစ်တပ်အနောက်ဘက်ကျေးရွာ လမ်းပိုင်းနဘူး ရင်ခွဲတောင် ကမ္မရိုက်ကျေးရွာချင်းဆက် လမ်း ၃ နေရာလောက်ကို စစ်တပ်အင်အား ၁၀၀ လောက် လုံခြုံရေးယူပြီး ဖျက်ဆီးဖြတ်တောက်ခဲ့ပြီး စစ်တပ်ဖြတ်တောက်သွားသော ကျေးရွာလမ်း ၁၀ ခုထက်မနည်းရှိလာပြီဖြစ်ကြောင်း သိရသည်။



















