Home သတင်း စစ်ကောင်စီ ဖမ်းဆီးခံရသော ထားဝယ်ခရိုင်သပိတ်ကော်မတီဝင်၏ဖခင်အား မိသားစုဝင်များတွေ့ ခွင့်မရ သေး

စစ်ကောင်စီ ဖမ်းဆီးခံရသော ထားဝယ်ခရိုင်သပိတ်ကော်မတီဝင်၏ဖခင်အား မိသားစုဝင်များတွေ့ ခွင့်မရ သေး

961
Photo- ထားဝယ်ခရိုင်သပိတ်ကော်မတီ

ဇွန်လ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပြုလုပ်နေ သော ထားဝယ်ခရိုင်သပိတ်ကော်မတီ၏ တာဝန်ခံဖြစ်သော ကိုမင်းလွင်ဦး၏ဖခင်အား ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့က စစ်ကောင်စီမှနေအိမ်သို့ ဝင်ရောက်ဖမ်းဆီးသွားပြီးနောက် ယခုအချိန်ထိ မိသားစုဝင်များနှင့်တွေ့ ခွင့်မပေးသေးကြောင်း မိသားစုဝင်များထံမှသိရသည်။

ဇွန်လ ၁၉ရက်နေ့ နေ့လည်ပိုင်းအချိန်တွင် အင်အား သုံးဆယ်ခန့်ပါဝင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များက လောင်းလုံးမြို့နယ်၊ ပြင်းထိန်ကျေးရွာနေ ကိုမင်းလွင်ဦး၏ ဖခင်ဖြစ်သူ အသက်(၆၅)နှစ်အရွယ်ရှိ ဦးအောင် ဖေ ၏ နေအိမ်အတွင်းသို့ ဝင်ရောက်ရှာဖွေပြီးနောက် ၎င်းအား အကြမ်းဖက်ရိုက်နှက်၍ ဖမ်းဆီးခေါ် ဆောင် သွားခြင်းဖြစ်ကြောင်း ထားဝယ်ခရိုင်သပိတ်ကော်မတီက ပြီးခဲ့သည့် ဇွန်လ(၁၉)ရက်နေ့ တွင် လူမှုကွန်ယက် စာမျက်နှာမှတဆင့် သတင်းထုတ်ပြန်ထားသည်။

“ဒီနေ့မနက်ထိ ကျနော့်အမေက တွေ့ခွင့်သွားတောင်းတော့ တွေ့ခွင့်မပေးဘူး။ ပစ္စည်းတွေတော့ပို့လို့ရတယ်။ လာဖမ်းတုန်းကလည်း ကျနော်ဘယ်မှာလဲ ဘာညာနဲ့မေးတော့ ကျနော်နဲ့လည်း အဆက်အသွယ် ပြတ်နေတာ ကြာပြီးမို့လို့ သူတို့ကို အကျိုးအကြောင်းပြောပြတယ်။ အဲ့ဒါကိုတစ်အိမ်လုံး မွေနှောက်ပြီးဝင်ရှာတာ” ဟု ဦးအောင်ဖေ၏ သားဖြစ်သူ ကိုမင်းလွင်ဦးက ကေအိုင်စီသို့ပြောသည်။

ထိုသို့ရှာဖွေစဥ် ကိုမင်းလွင်ဦး၏အခန်းအတွင်းမှ သပိတ်နှင့်သက်ဆိုင်သောပစ္စည်းအချို့နှင့် ထွန်စက် ဘက်ထရီအတွက် အသုံးပြုသည့်ဝိုင်ယာကြိုးအချို့ကိုတွေ့ရှိသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဦးအောင်ဖေအား စစ်ဆေးမေးမြန်းပြီးနောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု မိသားစုဝင်များ နှင့်နီးစပ်သူများထံမှ သိရသည်။

ကိုမင်းလွင်ဦးက “ကျနော့်ဘီရိုထဲက ကျောင်းသားသမဂ္ဂ လက်ပတ်နဲ့သပိတ်လှုပ်ရှားမှုက တီရှပ်တစ်ထည် ရှာတွေ့တာပါ။ ဒါတွေထားထားတာလည်း ကြာပါပြီး။ ကျနော့်မိဘတွေက ရှိမှန်းတောင် သိတာမဟုတ်ဘူး။ နောက်ပြီး အဲဒီဝိုင်ယာကြိုးကိုတွေ့တော့ ဒါမျိုးအိမ်မှာမထားရဘူးဆိုတာ မသိဘူးလားဆိုပြီး ကျနော့်အဖေကို ကန်ကျောက်ပြီးခေါ်သွားတာ။ အခုထိတော့ မြို့နယ်ရဲစခန်းမှာ ဖမ်းထားဆဲပဲ။” ဟု ဆက်ပြောသည်။

Photo- ထားဝယ်ခရိုင်သပိတ်ကော်မတီ

ထို့အတူ ပြီးခဲ့သည့် ၂၀၂၁ခုနှစ် နိုဝင်ဘာလအတွင်းကလည်း ကိုမင်းလွင်ဦး၏မိခင်ဖြစ်သူအား စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် လေးရက်အကြာတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ထားဝယ်ခရိုင်သပိတ်ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ စစ်ကောင်စီက သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးအား အကြမ်းဖက်ဥပဒေအရ အရေးယူခံ ထားရပြီး ထွက်ပြေးတိမ်းရှောင်နေဆဲစာရင်းတွင် ဖော်ပြ၍ ၅၀၅(က)ဖြင့်ဖမ်းဝရမ်းထုတ်ထားခဲ့သလို ယခု ၂၀၂၃ခုနှစ် ဧပြီလအတွင်းကလည်း လောင်းလုံးမြို့နယ်အတွင်း နယ်မြေတည်ငြိမ်စေရန်နှင့် လူငယ်များအား တော်လှန်ရေးပြုလုပ်ရန် သွေးဆောင်မှုကြောင့် အုပ်ထိန်းသူများမှတိုင်ကြားလာသည်ဟု ဆိုကာ စစ်ကောင် စီ၏ ထားဝယ်ခရိုင်ဥက္ကဋ္ဌက ငွေကျပ် သိန်းသုံးရာဖြင့် ဝရမ်းထပ်မံထုတ်ပြန်ခဲ့သည်။

အလားတူ ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း ထားဝယ်ခရိုင်အတွင်းရှိ မြို့ရွာများတွင် စစ်ကောင်စီ၏ လမ်းပြအဖြစ်ဖမ်းဆီး ခံရခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့်ဖမ်းဆီးခံရသော အရပ်သားပြည်သူ ၈၉ ဦးထက်မနည်းရှိခဲ့ကြောင်း တနင်္သာရီတိုင်းအတွင်းရှိ လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေများအား မှတ်တမ်းပြုစုပေးနေသော FE5 Tanintharyi ၏ ဧပြီလ ၁၂ ရက်နေ့က ထုတ်ပြန်ချက်တွင် ဆိုထားသည်။