Home သတင်း ကရင်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းဂုဏ်ထူးဖြင့် အောင်မြင်သူ ဦးရေ ၇ဝဝ နီးပါးရှိ

ကရင်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းဂုဏ်ထူးဖြင့် အောင်မြင်သူ ဦးရေ ၇ဝဝ နီးပါးရှိ

466
Photo-NRC

ဇွန်လ ၉ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ

ကရင်ပြည်နယ်တွင် ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူ ထက်ဝက်ကျော်ရှိသည့်အနက် ဂုဏ်ထူးဖြင့် အောင်မြင်သူ ၇ဝဝ နီးပါးအထိ ရှိသည်ဟု စစ်ကောင်စီ လက်အောက် ပညာရေးဌာန၏ ယနေ့ဇွန်လ ၉ ရက်နေ့ ထုတ်ပြန်ချက်များအရ သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေသူကြသူ ၂,၅၄ဝ ဦးတွင် အောင်မြင်သူ ၁,၆၆၅ ဦးရှိပြီး ဂုဏ်ထူးရမှတ်များဖြင့် အောင်မြင်သူ ၆၈၃ ဦးရှိသည်ဟု ပြည်နယ် စစ်ကောင်စီ ပညာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

“ စာညံ့သူတွေအောင်ကြပါစေ သဘောနဲ့ မေးခွန်းတွေကို လျော့ချပေးလိုက်တော့ စာရသူတွေအသီးသီး ဂုဏ်ထူးတန်းစီးထွက်ကြတာပေါ့။ ဒီလိုမေးခွန်းက ဆရာဖြတ်သန်းမှုအဆက်ဆက်မှာ အလွယ်ဆုံးချ ထားပေးတဲ့နှစ်ပါပဲ။ ဒါတောင် ဟိုကကြောက်ရ၊ ဒီကကြောက်ရ စာသင်ယူမှုတစ်ဝက်တစ်ပျက်မှာ အများကြီးအောင်ကြတယ်။ ဒီလိုမေးခွန်းမျိုး အရင်ခေတ်စနစ်ကဆို ဒီထက်မက ကျောင်းသားတွေ အောင်ကြမယ်”ဟု အထက်တန်းပြ ကျောင်းဆရာတစ်ဦးက ကေအိုင်စီသို့ပြောသည်။

ကရင်ပြည်နယ်အနေဖြင့် ဖားအံမြို့နယ်တွင် ၆ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ ၃ ဦးအထိရှိပြီး အခြားမြို့နယ် အသီးသီးများတွင်လည်း သိပ္ပံ၊ ဝိဇ္ဇာတွဲဘာသာရပ်များတွင် ဘာသာရပ်အလိုက် ဂုဏ်ထူးရမှတ်များဖြင့် အောင်မြင်ကြသည်။

ပြည်နယ်အဆင့်အနေဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ်သည် တက္ကသိုလ်ဝင်တန်းအောင်မြင်မှု အများ ဆုံးဖြစ်ပြီး လှိုင်းဘွဲမြို့နယ် ဒုတိယ၊ တတိယနေရာတွင် ဖားအံမြို့နယ်မှ အသီးသီးရရှိကြပြီး သံတောင်ကြီးမြို့နယ်သည် ယခုနှစ်တွင် ပြည်နယ်၏ အောင်ချက်အနည်းဆုံး မြို့နယ်ဖြစ်သည်ဟု ထုတ်ပြန်ချက်များအရ သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် တက္ကသိုလ်ဝင်တန်းအောင်မြင်မှုအများဆုံးမှာ မကွေးတိုင်း ဒေသကြီးဖြစ်ပြီး ဒုတိယ ကချင်၊ တတိယ မန္တလေးတို့ အသီးသီးရရှိကြသည်ဟု စစ်ကောင်စီ ပညာရေးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။