Home သတင်း တရေဖိုးကွီး အလယ်တန်းကျောင်းတွင် ကျောင်းဆရာ/ဆရာမ မလုံလောက်မှု အခက်အခဲရှိနေ

တရေဖိုးကွီး အလယ်တန်းကျောင်းတွင် ကျောင်းဆရာ/ဆရာမ မလုံလောက်မှု အခက်အခဲရှိနေ

730
Photo-KIC

ဇွန်လ ၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ဖားအံခရိုင် လှိုင်းဘွဲမြို့နယ် တရေဖိုးကွီးကျေးရွာရှိ ကော်သူးလေအလယ်တန်းကျောင်းတွင် ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းဆရာ၊ ဆရာမ မလုံလောက်သည့် အခက်အခဲကြုံတွေ့နေရသည်ဟု သိရသည်။

ယခုနှစ် ပညာသင်နှစ်တွင် သူငယ်တန်းမှ အဌမတန်းအထိ ကျောင်းသူကျောင်းသားဦးရေ ၁၉၀ ဦးရှိသော် လည်း ကျောင်းဆရာ၊ ဆရာမ ဦးရေ ၁၂ ဦးသာရှိသည့်အတွက် သင်ကြားရေးအပိုင်းတွင် အခက်အခဲရှိ နေ ကြောင်း တရေဖိုးကွီးကျောင်းအုပ် ဆရာမနော်မုကလယ်က မေလ ၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ကျောင်းဖွင့်ပွဲ၌ ပြောသည်။

၎င်းက “ဆရာ၊ ဆရာမကျတော့လည်း ဒီနှစ်က အရင်ကဆရာ၊ ဆရာမဟောင်း ခြောက်ယောက်လောက် ထွက်သွားတယ်။ ရှစ်ယောက်ပြန်ထပ်ရှာတယ်။ ပြန်ထပ်ရှာတော့ ကျမတို့ ဆရာ၊ ဆရာမအားလုံး ဆယ့်နှစ်ယောက် ဖြစ်သွားတယ်။ ရှာရတာတော့အခက်အခဲတွေရှိတယ်”ဟု ကေအိုင်စီသို့ ပြောသည်၊

၎င်းတရေဖိုးကွီးကျောင်းသည် စစ်အာဏာမသိမ်းခင်က မြန်မာအစိုးရနှင့် ကရင့်ပညာရေးနှင့် ယဉ် ကျေးမှု ဌာန(KECD)တို့ ပူးတွဲဖွင့်လှစ်ထားသော ကျောင်းဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း KECD ကျောင်း အဖြစ် ပြန်လည်ရပ်တည်ကာ KECD ပြဌာန်းစာများကိုသာ သင်ကြားပေးနေသည်မှာ နှစ်(၂) နှစ်ရှိနေပြီဟု သိရသည်။

လှိုင်းဘွဲမြို့နယ်မှ KNU တာဝန်ရှိသူတစ်ဦးက “ကော်သူးလေ ပညာရေးစနစ်နဲ့ ကိုယ့်ရဲ့ ကရင်လူငယ်ကို သင်ပေးတော့ ကိုယ့်ရဲ့စာပေကိုလည်း ထိန်းသိမ်းရာရောက်တယ်။ ကရင်လူမျိုးတွေရဲ့ သမိုင်းကြောင်း တွေသိရှိတယ်လေ၊ သိရှိတော့ သူတို့ရဲ့မျိုးချစ်စိတ်တွေ ပြန်လည်နိုးကြားလာနိုင်တယ်လေ။ မြန်မာနိုင်ငံ ရဲ့ အခင်းအကျင်းမှာ ဒီကလေးလေးတွေ အခက်ခဲတွေကြားမှာ ပညာတတ်စေချင်တယ်။ ပညာတတ်ရင် သူတို့အမှားအမှန်ခွဲခြားသိမြင်ပြီးတော့ သူတို့ဘာဖြစ်သင့်လဲ၊ ဘာလုပ်သင့်လဲဆိုတာ သူတို့ကိုယ်တိုင် ရွေးချယ် လို့ရတာပေါ့”ဟု ဆိုသည်။

ဖားအံခရိုင်အတွင်းရှိ KECD စီမံခန့်ခွဲမှုအောက်ရှိ စာသင်ကျောင်းများအားလုံးနီးပါးတွင် ဆရာ၊ ဆရာမ မလုံလောက်မှုနှင့် ကျောင်းသုံးပစ္စည်းမလုံလောက်မှုကြုံတွေ့နေရသည်ဟု ပညာရေးတာဝန်ရှိသူများက ပြောသည်။

ဇွန်လ ၆ ရက်နေ့တွင် ပြုလုပ်သော တရေဖိုးကွီးကျောင်း၏ ၂၀၂၃-၂၀၂၄ စာသင်နှစ်ကျောင်းဖွင့်ပွဲသို့ နယ်မြေခံ ကရင်အမျိုးသားရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ကျေးရွာတာဝန်ရှိသူများ၊ ကျောင်းသားမိဘများ၊ ကျောင်းဆရာ၊ ဆရာမနှင့် ကျောင်းသူကျောင်းသားများအပါအဝင် ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။