ဇွန်လ ၉ ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်အတွင်းရှိ၊ မြိတ်-ထားဝယ်လမ်းပိုင်းတွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး စစ်ရေးတင်းမာမှုများ ရှိနေသောကြောင့် ည(၉) နာရီနောက်ပိုင်းတွင် ဖြတ်သန်းသွားလာခြင်း မပြုကြရန် သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ က ယမန်နေ့တွင် သတိပေး ထုတ်ပြန်ခဲ့သည်။
နှစ်ဖက် စစ်ရေးတင်းမာမှုများနှင့် ထိတွေ့တိုက်ပွဲများကြောင့် ၎င်းလမ်းပိုင်းကို အသုံးပြုနေသော ဒေသ ခံများ အနေဖြင့် စစ်ကောင်စီယာဉ်များနှင့်အတူယှဉ်တွဲသွားလာခြင်းမပြုကြရန်နှင့် ည ၉ နာရီနောက်ပိုင်း ဖြတ်သန်းသွားလာ ခြင်းမပြုကြရန် သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖက ယခုလို ထုတ်ပြန်ပြောဆိုထားခြင်းဖြစ်သည်။
သရက်ချောင်းမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံတစ်ဦးက “အခုတလောစကစတွေ စစ်ကြောင်း တွေခွဲပြီး ရွာတွေထဲ ပတ်မွှေလာတယ်။ မီးရှို့တာတွေလည်းရှိနေတယ်။ ညဘက်ဆို အိမ်စီးကား အရေးပေါ်ကားတွေ အသုံးပြုပြီးသွားလာနေတာတွေများလာတယ်။ ပကဖအဖွဲ့တွေက ကြုံရင်ကြုံသလို မိုင်းဆွဲတာတွေ ပစ်ခတ်တာတွေလုပ်ဖို့ရှိတာမို့ ပြည်သူတွေမထိခိုက်အောင်လို့ပါ။” ဟု ကေအိုင်စီသို့ ပြောသည်။
ယခုလို သတိပေး ထုတ်ပြန်ချက်မထုတ်မီကာလများက ပြည်သူများအနေဖြင့် စစ်ကကောင်စီယာဉ်များ အနီးတွင် ယှဉ်တွဲသွားလာခြင်းများပြုလုပ်လျက်ရှိသောကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အနေဖြင့် စစ်ဆင်ရေး(Mission) များ ဖျက်သိမ်းလိုက်ရသည့် အခြေအနေများ မကြာခဏ ကြုံ တွေ့ရမှု များရှိကြောင်းလည်း အဆိုပါ ပကဖ တာဝန်ရှိသူက ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း သရက်ချောင်းမြို့နယ် အောက်ဘက်ရှိ မြိတ်-ထားဝယ် ကားလမ်းပေါ်ရှိ ကမြိုင်ရွာ နှင့် ရငဲရွာကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စစ်ကောင်စီ တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့သေးကြောင်းဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။