Home သတင်း စစ်ကောင်စီသည် ERO များနှင့် တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်သော်လည်း ပြောင်းလဲလိုစိတ်မရှိကြောင်း KNU ပြော

စစ်ကောင်စီသည် ERO များနှင့် တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်သော်လည်း ပြောင်းလဲလိုစိတ်မရှိကြောင်း KNU ပြော

546
Photo-Crd

ဇွန်လ ၉ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီသည် ယခင်အစိုးရအဆက်ဆက်မှ လက်ရှိအချိန်ထိ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း- EROs များနှင့် တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ခဲ့သော်လည်း ၎င်းတို့၏နိုင်ငံရေးမူဝါဒအရ ပြောင်းလဲလိုစိတ်မရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ(၁)ရက်နှင့်(၂)ရက်နေ့တွင် စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့ဖြစ်သော ရက္ခိုင့်တပ်တော် -AA၊ တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် -TNLA နှင့် မြန်မာအမျိုး သားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် -MNDAA ကိုးကန့်တပ်တို့ ရှမ်းပြည်အရှေ့ပိုင်းရှိ မိုင်းလားမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲအပေါ် အခြေခံ၍ ကေအဲန်ယူ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောက လယ်စေးက ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

တရုတ်၏ကြားဝင်ပေးမှုဖြင့်ဟုဆိုစေကာမူ စစ်ကောင်စီက ၎င်းတို့၏လိုအပ်ချက်အရ ထိုအဖွဲ့များကို ရွေးချယ် ဆွေးနွေးခဲ့ခြင်းဖြစ်၍ နိုင်ငံရေးနှင့်စစ်ရေးတွင် ကြီးမားသောအပြောင်းအလဲမရှိနိုင်သလို စစ်ကောင်စီ၏ နိုင်ငံရေးမူဝါဒပြောင်းလဲခြင်းလည်း မရှိနိုင်ကြောင်း ပဒိုကလယ်စေးက ယခုလို သုံးသပ်ပြောဆိုသည်။

“စစ်ကောင်စီဘက်က အရင်ကတည်းက ကျနော်တို့ ERO နဲ့တွေ့ဆုံဆွေးနွေးတာမျိုးရှိခဲ့တယ်။ ဒီကိစ္စကြောင့် သေးငယ်တဲ့အပြောင်းအလဲတော့ရှိကောင်းရှိလာနိုင်ပေမယ့် နိုင်ငံရေးပိုင်းမှာတော့ ကြီးကြီးမားမားပြောင်းလဲ မလာနိုင်ဘူး။ ဆွေးနွေးပွဲတွေလုပ်ပြီး ကျနော်တို့ ERO တွေနဲ့တိုက်ပွဲတွေဖော်ဆောင်လာခဲ့တဲ့ အပေါ်ကို ကြည့်ရင် သူတို့က မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့မူဝါဒကို စွဲကိုင်ထားတုန်းပဲ။ နိုင်ငံရေးကို သူတို့က စိတ်ရင်း စေတနာနဲ့ပြောင်းလဲချင်စိတ်မရှိဘူးလို့လည်း မြင်မိတယ်။” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

ထို့အပြင် ဆွေးနွေးပွဲနှင့်ပတ်သက်၍ တရုတ်နှင့်ဆက်စပ်မှုရှိသော ညီနောင် မဟာမိတ်အဖွဲ့ ထိန်းချုပ်ရာ ဒေသများတွင် စစ်ရပ်နား၍ နယ်မြေစိုးမိုးမှုအားနည်းပြီး စစ်ရေးပြင်းထန်နေသော စစ်ကိုင်းတိုင်း၊ ကရင်နှင့် ကရင်နီဒေသများသို့ တပ်အင်အားထပ်မံဖြည့်တင်းချင်နေသော စစ်ကောင်စီ၏ရည်ရွယ်ချက်အား မဟာမိတ် အဖွဲ့များအနေဖြင့် သိမြင်သော်လည်း တရုတ်ကြားဝင်မှုကြောင့်သာ အတွေ့ပြရသောအခြေအနေဖြစ်ကြောင်း မွန်ပြည်ဖွံ့ဖြိုးရေးစင်တာ၏ ဒါရိုက်တာ ဦးနိုင်ဗညားမွန်က ပြောသည်။

၎င်းက “စစ်ကောင်စီက အခုချိန်မှာ တစ်နိုင်ငံလုံးအနေနဲ့စစ်ရေးအရ ဝိုင်းခံနေရတော့ အချို့အဖွဲ့တွေကို ခွဲတိုက်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ပါ။ တရုတ်နဲ့ဒီအဖွဲ့တွေရဲ့ ဆက်ဆံရေးကို အသုံးချပြီးတော့ သူ့စစ်တပ်ကို အနား ယူခွင့်ရမယ်။ ဒီအဖွဲ့တွေ ကလည်း စစ်ကောင်စီရဲ့ရည်ရွယ်ချက်ကိုသိပေမယ့် တရုတ်နဲ့ ဆက်ဆံနေရတဲ့အ ခါကျတော့ စေ့စပ်ဆွေးနွေးတဲ့အနေအထားတော့မဟုတ်ဘူး။ တွေ့ပြရတဲ့အခြေအနေလို့ ကျနော်မြင်တယ်။” ဟု ၎င်းက ဆိုသည်။

ဆွေးနွေးပွဲတွင် စစ်ကောင်စီအနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်း သားလက်နက်ကိုင်များနှင့် ယုံကြည်မှုတည်ဆောက်ရေး အစရှိသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး မဟာမိတ် (၃)ဖွဲ့ဘက်မှလည်း ဖမ်းဆီးထားသူတွေများအား အမြန်ဆုံးပြန်လည်လွှတ်ပေးရေး၊ မတရားအသင်း ကြေညာ ထားချက် ပယ်ဖျက်ပေးရေးနှင့် မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများသို့ အကူအညီများအမြန်ဆုံးရောက်ရှိစေရန် လမ်းကြောင်းများဖွင့်ပေးရေးတို့ကို ဆွေးနွေးခဲ့ကြောင်း ဒေသတွင်းမီဒီယာအချို့၏ဖော်ပြချက်အရ သိရသည်။

အထက်ပါအချက်နှင့်ပတ်သက်၍ ဦးနိုင်ဗညားမွန်က “နှစ်ဖက်ဆွေး နွေးကြတဲ့အချက် တွေကို လေ့လာတဲ့ အခါမှာ တစ်ယောက်နဲ့ တစ်ယောက်ဘယ်လိုမှ ယုံကြည်မှုမရှိတဲ့ အနေအထားဖြစ်တယ်။ ဒါကြောင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတဲ့ ခေါင်းစဥ်ရောက် ဖို့ဆိုရင်တော့ အများကြီးလိုဦးမယ်” ဟု ၎င်းက ဖြည့်စွက်ပြောသည်။

အလားတူ ဆွေးနွေးပွဲကျင်းပပြီးနောက် ဇွန်လ(၃)ရက်နေ့မှစ၍ စစ်ကောင်စီဘက်မှ MNDAA ၏ တပ်စခန်းများအား ထိုးစစ်ဆင်မှုများလုပ်ဆောင်လာသလို ဇွန်လ(၅) ရက် နေ့တွင်လည်း ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ရှိ စစ်ကောင်စီ၏ တပ်စခန်းများအား MNDAA ပူးပေါင်းတပ်များက ဝင်ရောက်ပစ် ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ လက်နက်ကြီးများသာမက လေကြောင်းဖြင့်ပါ တုံ့ပြန်ပစ်ခတ်ခဲ့ကြောင်း ဒေသတွင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။