ဇွန်လ ၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆)ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင် မြဝတီမြို့အပြင်ဘက်ရှိ မဲကနယ်ကျေးရွာ ပြန်လည်ထူထောင်ရန်နှင့် လေးကေကော်ဒေသ စစ်ဘေး ရှောင်ပြည်သူများအတွက် ကရင်လက်နက်ကိုင်(၄) ဖွဲ့က စားနပ်ရိက္ခာ၊ အဝတ်အထည်နှင့် ထောက်ပံ့ ငွေများအား ယနေ့ ဇွန်လ ၈ ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
KNU-ကရင်အမျိုးသားအစည်းအရုံး၊ နယ်ခြားစောင့်တပ်-BGF၊ ကရင်ငြိမ်းချမ်း ရေးကောင်စီ-KNU/ KNLA-PC နှင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA တို့ပါဝင်သော ကရင့်လက်နက်ကိုင် စည်းလုံးညီညွတ်ရေးအဖွဲ့က မဲကနယ်၊ လေးကေကော်၊ ပဟိကလော်၊ ထီးမယ်ဝါးခီးကျေးရွာတို့မှ စစ်ဘေးရှောင်ပြည် သူများအတွက် အဝတ်အထည်များနှင့် ဆန်အိတ် ပေါင်း(၆၅၀) အိတ်အပြင် မဲကနယ်ဒေသပြည်လည်ထူထောင်ရေးထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း လေးကေ ကော်ဒေသနယ်မြေတာဝန်ရှိသူတစ်ဦးက ပြောသည်။
“ပိုက်ဆံလှူတာက ပျက်စီးသွားတဲ့အဆောက်အဦးတွေပြန်ဆောက်ဖို့အတွက်ပါ။ ပဟိကလော်ရွာမှာ တင် အိမ်ခြေနှစ်ရာကျော်ရှိပြီးတော့ မဲကနယ်မပါ ကျန်(၃)ရွာလုံးပေါင်းလိုက်ရင် အိမ်ခြေက ခြောက်ရာကျော်တယ်။ လာလှူတဲ့ဆန်တွေက စစ်ရှောင်တွေအတွက် တစ်လစာလောက်တော့ လုံလောက်မှုရှိမယ်ထင်ပါတယ်။ စစ်ဘေးရှောင်တွေကိုလှူတာဆိုတော့ စစ်ကောင်စီဘက်က ဘာမှ ထူးထူးခြားခြားလှုပ်ရှားတာမရှိဘူး။”ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။
အဆိုပါထောက်ပံ့ငွေပေးအပ်ပွဲအစီအစဉ်သို့ KNU ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် ဥက္ကဋ္ဌ ပဒိုစောမောထူး၊ BGF ဘက်မှ ဗိုလ်မှူးမောင်ဝင်းနှင့် ဗိုလ်မှူးမုတ်သုန်၊ KNU/ KNLA-PC ၊ DKBA အဖွဲ့မှ တာဝန်ရှိသူအချို့နှင့် ၎င်းတို့လုံခြုံရေးတပ်ဖွဲ့ဝင်များအပြင် ကျေးရွာ(၄)ရွာမှ ဒေသခံ နှစ်ရာကျော်တက်ရောက်ခဲ့ကြသည်။
စစ်ရှောင်ပြည်သူများ ထောက်ပံ့ရေးအစီအစဉ်ဖြစ်ပေါ်လာသည့် အခြေအနေနှင့်ပတ်သက်၍ ကရင့်လက်နက်ကိုင်များ စည်းလုံးညီညွတ်ရေးကော်မတီ အတွင်းရေးမှူး၊ ကေအဲန်ယူ ဖားအံခရိုင် ဥက္ကဋ္ဌ ပဒိုအောင်မော်အေးက ကေအိုင်စီသို့ ယခုလို ပြောဆိုသည်။
“စစ်ဘေးရှောင်တွေကိုတွေ့တော့ ကျနော်တို့ သနားတယ်။ အဲ့ဒါနဲ့ တခြားသူတွေဆီက ပိုက်ဆံ အလှူကောက်ခံပြီးတော့ စစ်ဘေးရှောင်တွေကိုသွားလှူတာပါ။ ကျနော်တို့ လူမျိုးတွေ ထွက်ပြေးတိမ်ရှောင်နေရတာကို မကြည့်ရက်ဘူး။ ကျနော်တို့ပြည်သူတွေ အခုလို မထွက်ပြေးရဖို့ နောက်ထပ်နည်းလမ်းတွေရှာရမယ်။”ဟု ပဒိုအောင်မော်အေးက ပြောသည်။
ပြီးခဲ့သည့် ဧပြီလ(၁)ရက်မှ (၃၀)ရက်နေ့အထိ မဲကနယ်ဒေသတွင် စစ်ကောင်စီက စစ်ကြောင်း ထိုးဝင်ရောက်ခြင်း၊ လေကြောင်းဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းအပြင် လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းတို့ကိုပါ လုပ်ဆောင်ခဲ့သောကြောင့် ဘာသာရေး အဆောက်အဦးနှင့်နေအိမ်အ များအပြား ထိခိုက်ပျက်စီးခဲ့ရသလို ဒေသခံပြည်သူ ငါးထောင်ခန့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်းဖြစ်သည်။
ထို့အတူ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတုန်းကလည်း မြဝတီမြို့တောင်ဘက်ပိုင်းရှိ လေးကေ ကော် ဒေသအတွင်း ဖြစ်ပွားသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ဦးဆောင် သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲကြောင့် ဒေသခံ အရပ်သားပြည်သူ သောင်းချီအိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
၎င်းတိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုပါ ပြင်းပြင်းထန်ထန် ပြုလုပ်သောကြောင့် လေးကေကော်မြို့သစ်အပါအဝင် အနီးအနားရှိ ကျေးရွာ များမှ လူနေအိမ်အမြောက်အများ ထိခိုက်ပျက်စီးခဲ့ရသည်။
လက်ရှိအချိန်တွင် နယ်မြေတွင်း တိုက်ပွဲငြိမ်သက်လာ၍ စစ်ရှောင်ပြည်သူအချို့ ၎င်းတို့ နေအိမ်သို့ ပြန်လည်အခြေချနေထိုင်ကြပြီဖြစ်သော်လည်း အချို့မှာ ယခုအချိန်ထိ နေရပ်မပြန်နိုင်ကြသေးဘဲ ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်သည်ဟု သိရသည်။