Home သတင်း သူးလေထီ အရောင်းကိုယ်စားလှယ်အဖြစ် လျှောက်ထားရန် KNU ဖိတ်ခေါ်

သူးလေထီ အရောင်းကိုယ်စားလှယ်အဖြစ် လျှောက်ထားရန် KNU ဖိတ်ခေါ်

539

ဇွန်လ ၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးကို တစ်ဖက်တစ်လမ်းမှ ဘတ်ဂျက်ရှာဖွေပေးရန် စီမံကိန်းတစ်ခုဖြစ် သည့် သူးလေထီ၏ အရောင်းကိုယ်စားလှယ်များလျှောက်ထားရန် ဖိတ်ခေါ်ကြောင်း သူးလေထီအရောင်းဌာနရုံးက ဇွန်လ ၇ ရက်နေ့တွင် ၎င်းတို့၏ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်၌ ထုတ်ပြန်ကြေညာလိုက်သည်။

သူးလေထီသည် ကေအဲန်ယူ စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန လက်အောက်တွင်တည်ရှိပြီး ကေအဲန်ယူအား အားပေးဝန်းရံလိုသည့် ပြည်တွင်းပြည်ပရှိ ကရင်လူမျိုးများနှင့် တိုင်းရင်းသား လူထုများမှ မိမိတတ်နိုင်သည့် ဘက်တွင် ပါဝင်ကူညီနိုင်ရန် သူးလေထီအရောင်းကိုယ်စားလှယ်အဖြစ် မည်သူမဆိုလျှောက်ထားနိုင်ကြောင်း သူးလေထီအရောင်းဌာနရုံးက ထုတ်ပြန်ထားခြင်းဖြစ်သည်။

သူးလေထီရုံးထိုင်မှူး စောအယ်မူးက“လက်ရှိအချိန်မှာ ကိုယ်စားလှယ်အင်အားနည်းတယ်။ ပြီးတော့ နောက် တစ် ချက်က မိခင် KNU ကို ပံ့ပိုးကူညီမှုက ဝန်းရံအားနည်းတဲ့အခါကျတော့ သူးလေထီကိုယ်စားလှယ်ကို ထပ်မံဖိတ်ခေါ်တာပေါ့။ အခုက လမ်းကြောင်းအခြေအနေက မျှော်မှန်းထားတဲ့ အစောင်ရေက မရဘူး။ ကိုယ်စား လှယ်များများယူလေ မိခင်အစည်းအရုံးအတွက် များများထောက်ပံ့နိုင်လေပေါ့။ အခုက ကိုယ်စားလှယ် အားနည်းတဲ့အခါကျတော့ အားမရတဲ့အပိုင်းတွေရှိတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ယခုနှစ် ၂၀၂၃ခုနှစ်တွင် သူးလေထီအစောင်ရေ ၃ သောင်းကျော်အထိ ထုတ်ရောင်းနိုင်ရန် ရည်မှန်းထားခြင်းရှိပြီး လက်ရှိအချိန်တွင် ကိုယ်စားလှယ်များမှာယူသည့်အပေါ်မူတည်၍ အစောင်ရေ ၅၀၀၀(ငါးထောင်)သာ ထုတ်နိုင် သေးသည့်အတွက် ကိုယ်စားလှယ်အများအပြား လိုအပ်သေးကြောင်း သူးလေထီရုံးတာဝန်ခံ စောအယ်မူးက ဆိုသည်။

ထို့ကြောင့် ကေအဲန်ယူကို ပံ့ပိုးလိုသည့် မည်သူမဆို သူးလေထီကိုယ်စားလှယ်ဝင်အဖြစ် လျှောက်ထားနိုင်သလို ကိုယ်စားလှယ်တစ်ဦးလျှင် ထီစောင်ရေ (၅၀)မှ (၁,၀၀၀) စောင်အထိ မှာယူရောင်းချနိုင်ကြောင်း၊ ရောင်းရသည့် ထီအစောင်ရေ ၁၀ ရာခိုင်နှုန်းကို ကိုယ်စားလှယ်များခံစားခွင့် ရရှိမှာဖြစ်သည့်အပြင် ထီအစောင်ရေ ၁,၀၀၀ (တစ်ထောင်) အထက် ရောင်းနိုင်သည့်သူများကို ၁၅ ရာခိုင်နှုန်းခံစားခွင့်ရရှိမည်ဖြစ်ကြောင်း သူးလေထီ အရောင်းဌာနရုံးက ထုတ်ပြန်ထားသည်။

သူးလေထီသည် လက်ရှိအချိန်တွင် နိုင်ငံပေါင်း ၁၀ နိုင်ငံမှ ကိုယ်စားလှယ်များရောင်းချပေးလျက်ရှိကာ မြန်မာအပါအဝင် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့သာ ဝန်းရံမှုအားကောင်းသေးကြောင်း သူးလေထီရုံး တာဝန်ရှိသူက ပြောသည်။

ပြည်တွင်းပဋိပက္ခကြောင့် ကေအဲန်ယူ တပ်မဟာ(၇) ဖားအံခရိုင် တစ်ခုတည်းကိုသာ လက်ရှိအချိန်တွင် စည်းရုံးရေးလုပ်နိုင်သေးသလို အခြား ခရိုင်၊ တပ်မဟာများရှိ ပြည်သူထုများသည်လည်း သူးလေထီလုပ်ငန်း အကြောင်း သိရှိရန်နှင့် သူးလေထီထိုးနိုင်ရန် စည်းရုံးရေးဆင်းရန်လိုအပ်သေးကြောင်းလည်း ရုံးထိုင်မှူးဖြစ်သူ စောအယ်မူးက ဆက်ပြောသည်။

ကေအဲန်ယူ ဒူးပလာယာခရိုင်/တပ်မဟာ(၆)နယ်မြေရှိ ပြည်သူတစ်ဦးက “ ကရင်အမျိုးသားအစည်းအရုံးရဲ့ ရံပုံ ငွေကို ပံ့ပိုးပေးနိုင်တဲ့ သူးလေထီဆိုတာက ကြားပဲကြားဖူးတာ ဘယ်မှာထိုးရမလဲမသိဘူး။ ကိုယ်စားလှယ် ဘယ်မှာရှိမှန်းလဲ မသိဘူး။ အားပေးချင်တဲ့ မျိုးချစ်ကရင်တွေရှိပါတယ် ။ ကြာအင်းဆိပ်ကြီးဘက်မှာဆိုရင် ဘယ်မှာ ဘယ်လိုထိုးရမလဲ၊ အများစုက မသိဘူး။ ဒါကို ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ချိနိုင်ရင်တော့ ကရင့်တော်လှန်ရေးအတွက် တစ်ထောင့်တစ်နေရာကနေပြီးတော့ ပြည်သူတွေ တိုက်ရိုက်ကူညီလို့ရတာပေါ့ ငွေကြေးအားဖြင့်။” ဟု ကေအိုင်စီ သို့ ပြောသည်။

တစ်လတစ်ကြိမ်ဖွင့်လှစ်သည့် KNU ၏ သူးလေထီကို ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ မေလတွင် တရားဝင်စ တင်ရောင်းချကာ လက်ရှိအချိန်တွင် ၁၄ ကြိမ်မြောက်ဖွင့်လှစ်နိုင်ပြီဖြစ်ပြီး တစ်စောင်ကို မြန်မာငွေ ၄၀၀၀ကျပ်၊ ထိုင်းဘတ်ငွေ ၆၀ ဘတ်နှင့် မလေးရှား ငွေ ၁၅ RM ဖြင့် ရောင်းချပေးလျက်ရှိသည်။

သူးလေထီ၏ ဆုကြေးသည် ပထမဆု ကျပ်သိန်း(၁၀၀) ဒုတိယဆု ကျပ်(၁၀)သိန်းနှင့် တတိယဆု ကျပ် (၅) သိန်းရှိပြီး ပထမဆုတစ်ဆု၊ ဒုတိယဆု ၃ ဆုနှင့် တတိယဆု ၅ ဆုဖြင့် ချီးမြှင့်ပေးသည်ဟု သိရသည်။