Home သတင်း ဖားအံတွင် ယာဉ်များဖမ်းဆီးမှုကြောင့် ပိုင်ကျုံမြို့နယ်ရှိ ဈေးဆိုင်များ ကုန်ပစ္စည်းများ ပြတ်တောက်

ဖားအံတွင် ယာဉ်များဖမ်းဆီးမှုကြောင့် ပိုင်ကျုံမြို့နယ်ရှိ ဈေးဆိုင်များ ကုန်ပစ္စည်းများ ပြတ်တောက်

753
Photo-KIC

ဇွန်လ ၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲဝင်များသည် လိုင်စင်မဲ့ကား၊ ဆိုင်ကယ်များအပြင် လိုင်စင်ရှိ ကားများကိုပါ လိုက်လံဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာသောကြောင့် ပိုင်ကျုံမြို့နယ်များမှဈေးဝယ်ကားများ သွားမရဲသည့်အတွက် ဈေးဆိုင်များတွင် ကုန်ပစ္စည်းများ ပြတ်တောက်လာနေသည်ဟု သိရသည်။

ပိုင်ကျုံ မြို့နယ်မှ ဈေးဆိုင်များသည် လိုအပ်သော ကုန်ပစ္စည်းများကို ဖားအံမြို့သို့ သွားရောက် ဝယ်ယူနေကြပြီး ‌မေလ ၁ ရက်နေ့မှ စ၍ စစ်ကောင်စီက တရားဝင်ကြေညာထားပြီး ယာဉ်များကို လိုက်လံ ဖမ်းဆီးခြင်းကြောင့် ဈေးဝယ်ကားများ မထွက်ရသည့်အတွက် ဈေးဆိုင်များမှ ကုန်ပစ္စည်းများ နည်းပါးလာ‌သည်ဟု ဆိုင်ရှင်တစ်ဦးက ပြောသည်။

၎င်းက ” ကျမတို့က ကုန်ခြောက်ကို အဓိကထားတာ။ အခုက မြို့ထဲ သွားမဝယ်ရတော့ ရောင်း ကုန် ခြောက်တွေ ပြတ်လာတယ်။ နောက်ပြီး ထပ်ဝယ်ဖို့ကလည်း မသွားရဲတော့ ဘယ်လိုထပ်ဝယ်ရမလဲ ကားသွားလို့မရတော့ရင် ဒီဘက်မှာတော့ ကုန်ပစ္စည်းလာပို့တဲ့သူဆီက ပဲယူရမယ်”ဟု ကေအိုင်စီသို့ ပြောသည်။

မြို့နယ်အတွင်းရှိ ဈေးဆိုင်များသည် ပစ္စည်းလာရောင်းသော ကားများမှ ကုန်ပစ္စည်းများမှာ ဈေး များသောကြောင့် မဝယ်ယူကြဘဲ မိမိကားဖြင့်သော်လည်းကောင်း၊ ကျေးရွာအတွင်းရှိ ကားများဖြင့်သော် လည်းကောင်း ဖားအံမြို့သို့ သွားရောက်ဝယ်‌ယူခဲ့ကြပြီး ယခုလို ကားများဖမ်းဆီးမှု လုပ်ဆောင်သောအခါ ဒေသခံ ဈေးဝယ်ကားများ သွားရောက်ဝယ်ယူခြင်းမပြုတော့ကြောင်း သိရသည်။

“အကျော့တို့ တစ်ပတ်တစ်ခါ ဈေးဝယ်ရတယ်။ ဆိုင်က ရောင်းရတော့ ပစ္စည်းကုန်တာ မြန်တယ်။ အခု သွားမဝယ်ရတာ ၄ ပတ်ရှိပြီး ဆိုင်မှာလည်း ရောင်းစရာ သိပ်မကျန်တော့ဘူး ” ဟု ‌ဖားအံမြို့သို့ အပတ်စဉ် စနေနေ့တိုင်း ဈေးဝယ်ထွက်ရသော စောလွဲစေးက ပြောသည်။

စစ်ကောင်စီက ယခုလို မော်တော်ယာဉ်များ ဖမ်းဆီးမှု လုပ်ဆောင်သည့်အတွက် မြို့နယ် ကျေးရွာတွေရှိ ကုန်စုံဆိုင်များတွင် ကုန်စ္စည်း စီးဆင်းမှု နည်းနေပြီး တချို့ဈေးဆိုင်များတွင် ပစ္စည်း ပြတ်တောက်နေသောကြောင့် ဒေသခံများ ဈေးဝယ်ယူမှု အခက်တွေ့နေကြောင်း ကြားရသည်။

မေလ ပထမအပတ်မှစ၍ အာဏာသိမ်းစစ်ကောင်စီသည် မြို့တွင်း သာမက လမ်းဆုံလမ်းဂွများရှိ လိုင်စင်မဲ့ယာဉ်များအပြင် လိုင်စင်ရှိ ယာဉ်များကိုလည်း ဖမ်းဆီးနေသောကြောင့် ဈေးဝယ်ယူ‌ သော ကားသမားများသည် အဖမ်းခံရသည့်အပြင် ငွေကြေးများပါပေးဆောင်‌နေကြရသည်ဟု ဒေသခံ ကားသမားများက ပြောသည်။