ဇွန်လ ၇ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ နတ်သံ ကွင်းမြို့အတွင်း ယမန်နေ့ ဇွန်လ ၆ ရက်တွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီးနောက် စစ်ကောင် စီဘက်က စစ်အင်အား ပြန်လည် ဖြည့်တင်းမှုများ ပြုလုပ်လာပြီး တိုက်ပွဲထပ်မံဖြစ်ပွားပြီးစိုးရိမ်မှုကြောင့် တိမ်းရှောင်ခဲ့ကြသည့် ဒေသခံအများစုမှာ နေရပ်မပြန်လာရဲ ကြသေးကြောင်း သိရသည်။
ယမန်နေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် လတ်တလောတွင် စစ်ကောင်စီဘက်က စစ်အင်အား ၁၀၀ ကျော်ဖြင့် နတ်သံကွင်းမြို့ တစ်ဖက်ကမ်းတွင် ဝင်ရောက်တပ်စွဲ နေရာယူနေကြပြီး နှစ်ဖက်တိုက်ပွဲ ထပ်မံ ဖြစ်ပွား မည် စိုးရိမ်မှုကြောင့် တိုက်ပွဲဖြစ်စဉ်ကြောင့် ထွက်ပြေးသွားသည့် ဒေသခံအများစုမှာ နေအိမ်သို့ ပြန်လာရဲကြခြင်းမရှိသေးကြောင်း ဒေသခံတစ်ဦးက ယခုလို ပြောသည်။
“ထွက်ပြေးသွားတဲ့ ဒေသခံထဲက တချို့တော့ ပြန်လာကြတယ်။ တချို့ကျတော့ မပြန်လာရဲကြဘူး။ ဘာဖြစ်လဲဆိုတော့ စစ်တပ်ဘက်က အင်အားထပ်တိုးလာတယ်၊ စစ်တောင်းမြစ်တစ်ဖက်ကမ်းဘက်မှာ။ ဒေသခံတချို့က ကြောက်လို့ မပြန်လာရဲကြသေးဘူး။ တချို့ကတော့ အခြေအနေ ငြိမ်နေသေး တဲ့အချိန်မှာ သူတို့ အိမ်တွေ ပြန်လာကြည့်ကြတဲ့သူတချို့တော့ရှိတယ်။” ဟု ၎င်းက ကေအိုင်စီ သို့ ပြောသည်။
နတ်သံကွင်း မြို့တွင်း တိုက်ပွဲတွင် စစ်ကောင်စီ၏ ရဲကင်းစခန်း ဝင်ရောက်တိုက်ခိုက်ခံရပြီး ၁၀ ဦးခန့် သေဆုံးခဲ့ရပြီး စစ်ကောင်စီဘက်က လေကြောင်းဖြင့် ပြန်လည်တုန့်ပြန်တိုက်ခိုက်သော ကြောင့် ဆေးရုံနှင့် လူနေအိမ်အချို့ထိခိုက်ပျက်စီးကာ ဒေသခံတစ်သောင်းကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
ယမန်နေ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ စစ်ကူလာရာ လမ်းကြောင်းတွင်ရှိသော ကျောက်ကြီးမြို့ နှင့်နတ် သံကွင်းမြို့ကို ဆက်သွယ်ထားသည့် စစ်တောင်းမြစ်ကူးတံတားအား တော်လှန်ရေး ပူးပေါင်းတပ်များက မိုင်းခွဲဖျက်ဆီးလိုက်သောကြောင့် တံတားကျိုးကျပျက်စီး သွားခဲ့ပြီး သွားလာရေး ပြတ်တောက်သွားခဲ့ကြောင်းလည်း အဆိုပါ ဒေသခံက ဆက်ပြောသည်။
တိုက်ပွဲကြောင့် နတ်သံကွင်းမြို့နှင့် အနီးဝန်းကျင်ရှိ ကျေးရွာ ၄ ရွာခန့်ရှိ ဒေသခံများမှ နတ်သံကွင်း အထက်ဘက်ခြမ်းရှိ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်သွားကြခြင်းဖြစ်ပြီး လက်ရှိတွင်လည်း အရေး ပေါ် အကူအညီလိုအပ်ချက်များရှိနေကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် ဒေသခံ စစ်ရှောင် ကူညီသူများက ဆိုသည်။
ယခု တိုက်ပွဲမဖြစ်ပွားခင် အဆိုပါ နတ်သံကွင်းမြို့နှင့်အနီးဝန်းကျင်ကျေးရွာများတွင် မုန်းမြို့နယ်မှ တိုက်ပွဲရှောင် ပြည်သူများ လာရောက် စစ်ရှောင်ခိုလှုံနေထိုင်နေကြခြင်းဖြစ်ပြီး ယမန်နေ့ တိုက် ပွဲဖြစ်စဉ်ကြောင့် ဒေသခံများအပြင် စစ်ရှောင်ခိုလှုံသူများပါ ထပ်မံစစ်ဘေးရှောင် ထွက်ပြေးရခြင်း လည်းဖြစ်ကြောင်း စစ်ရှောင်ကူညီသူတစ်ဦးက ပြောသည်။
၎င်းက “နတ်သံကွင်းအုပ်စုမှာက အရင် မုန်းမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားတုန်းက ထွက်ပြေး လာတဲ့ သူတွေ အများကြီးရှိတယ်။ အခုက နတ်သံကွင်းထဲ ပြေးလာတဲ့သူတွေက ပိတ်မိပြန်ရော။ အဲ့တော့ သူတို့ဒီနတ်သံကွင်း အထက်ဘက်ကိုဆက်ပြေးလာတယ်။ တစ်ဖက်ကမ်းကို ကူးပြေးဖို့ကလည်း မမီတော့ ဆက်ပြေးရတာပေါ့။” ဟု ကေအိုင်စီသို့ ပြောသည်။
လတ်တလောတွင် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများ ငြိမ်သက်နေသော်လည်းပဲ စစ်ကောင်စီဘက်မှာ စစ်အင်အား ထပ်မံတိုးချဲ့လာမှုကြောင့် ဒေသခံများအနေဖြင့် စိုးရိမ်မှုများရှိနေသလို တိုက်ပွဲ မဖြစ်ပွားဘဲ ကျေးရွာများအတွင်းကို လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခံရမည်ကိုလည်း စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ နံနက် ၄ နာရီဝန်းကျင်တွင် KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များက ရေတွင်းကုန်းကြီးကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းနှင့် နတ်သံကွင်းမြို့ရဲစခန်းအား သိမ်းယူရန် ဝင်ရောက်ပစ်ခတ်တိုက် ခိုက်ခဲ့ပြီးနောက် နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းသုံး ပြန်လည် တိုက်ခိုက်ခဲ့ခြင်းပြုလုပ်ခဲ့သည်။
အဆိုပါ တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် ၁၀ ခန့်သေဆုံးပြီး လက်နက်ခဲယမ်း အချို့သိမ်းဆည်းရမိခဲ့ကြောင်း KNLA သတင်းအရင်းအမြစ်များက ပြောဆိုပြီး ကေအိုင်စီအနေဖြင့် သီးခြင်းအတည်ပြုနိုင်ခြင်းမရှိသေးပေ။



















