Home သတင်း စစ်ကောင်စီတပ်လက်နက်ကြီးကြောင့် ၁၂ အရွယ် ကလေးငယ်တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရ

စစ်ကောင်စီတပ်လက်နက်ကြီးကြောင့် ၁၂ အရွယ် ကလေးငယ်တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရ

1320
Photo-CJ

ဇွန်လ ၇ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် တောင်ပိုင်းရှိ ရွာတန်းရှည်ကျေးရွာတွင် ယနေ့ နံနက် ၉ နာရီခွဲဝန်းကျင်က စစ်ကောင်စီတပ် ပစ်ခတ်လိုက်သော လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး မိသားစုဝင် ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ကော့ကရိတ်မြို့ လှိုင်းဝကုန်းရှိ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက် ကြီးကျည်သည် နေအိမ်တစ်လုံးခေါင်မိုးပေါ်တည့်တည့်တွင် ကျရောက် ပေါက်ကွဲ သဖြင့် အသက် ၁၂ နှစ်အရွယ်စောကျော်သန်းအောင်မှာ ပွဲချင်းပြီးသေဆုံးပြီး မိခင်ဖြစ်သူဒေါ်တပီ (၄၃)နှစ်နှင့် ညီမဖြစ်သူ နန်းရေဝတီ (၄)နှစ်တို့ ဒဏ်ရာအသီးသီးရရှိခဲ့သည်ဟု ရွာသားများက ပြောသည်။

ရွာတန်းရှည်ကျေးရွာသားတစ်ဦးက“ကျနော်တို့ရွာက မိသားစုဝင်အိမ်တစ်လုံး‌ ပေါ် တည့်တည့်မှာ ကျတယ်။ မိသားစုဝင် ၃ ဦးထိတယ်။ အမျိုးသမီးကြီးတစ်ဦး၊ သူ့ သားတစ်ဦးနှင့်သမီးတစ်ဦးထိတယ်။ သားကတော့ ပွဲချင်းပြီး အဲ့မှာပဲ ဆုံးသွားတယ် ”ဟု ကေအိုင်စီသို့ ပြောသည်။

ကော့ကရိတ်မြို့နယ်တောင်ပိုင်းဒေသဘက်တွင် ကော့ကရိတ်မြို့အခြေစိုက် စစ် ကောင်စီတပ်များ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအရပ်သားပြည်သူ များနှင့် အိမ်မွေးတိရစ္ဆာန်များ မကြာခဏအသက်ဆုံးရှုံးခဲ့ရသလို လူနေအိမ်များလည်း လက်နက်ကြီးကျည်ထိမှန် ပျက်စီးခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

“ကျနော်တို့ ပြည်သူတိုင်း ခံစားနေရတယ်။ ကော့ကရိတ်တောင်ပိုင်းက ပြည်သူတွေ အခုလို ထိခိုက်သေဆုံးမှုမျိုးဟာ တောက်လျှောက်ကြုံနေရတယ်။ ထိခိုက် ဒဏ်ရာ ရတာ အယောက် ၄၀ ကျော်၊ ၅၀ရှိပြီး။ သေဆုံးသွာတာလည်း အယောက် ၁၀ ကျော်၂၀ ရှိတယ်။ အခုလိုကြုံတွေ့ရတာ စိတ်မကောင်းဖြစ်ကြတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ နံနက်ပိုင်းမှစ၍ ကော့ကရိတ်မြို့အခြေစိုက် ခလရ (၉၇)တပ်နှင့် လှိုင်ဝ အ‌မြှောက်ကုန်းမှ စစ်ကောင်စီတပ်များသည် မြို့၏ဘေးပတ်ဝန်းကျင်ရှိ ကျေးရွာများဘက်သို့ လက်နက်ကြီးအဆက်မပြတ်ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း ကော့ကရိတ်မြို့ခံများက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ အမြဲလိုလို လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်သောကြောင့် ကော့ကရိတ်မြို့နယ်ရှိ ဒေသခံများ ထိခိုက်သေဆုံးမှု များ လာသလို နေအိမ်များပျက်စီးခြင်းနှင့် နေအိမ်များမီးရှို့ခံရခြင်း‌တို့ကြောင့် ဒေသခံအရပ်သားပြည်သူများမှာ ဘဝရပ်တည်ရေးအတွက် အခက်အခဲရှိ လာနေကြောင်း သိရသည်။