Home သတင်း တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအကြား ရာသီတုပ်ကွေးအဖြစ်များနေ

တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအကြား ရာသီတုပ်ကွေးအဖြစ်များနေ

553
Photo-KNU

ဇွန်လ ၆ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအကြားတွင် ရာသီတုပ်ကွေး အဖြစ်များနေကြောင်း ၎င်းစစ်ဘေးရှောင်များကို အနီးကပ်ကူညီပေးသူများထံမှ သိရသည်။

မိုးတွင်းကာလ ကျရောက်လာသည့်အတွက် ပြီးခဲ့သည့် မေလလယ်မှစတင်၍ စစ်ဘေးရှောင် ပြည်သူများ အကြားတွင် ရာသီတုပ်ကွေးများ စတင်ဖြစ်ပေါ်လာနေပြီး ကူးစက်ဖြစ်ပွားသူဦးရေများပြား လာသော ကြောင့် ဆေးဝါးပစ္စည်း မလုံလောက်မှုများကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်ကူညီပေးနေသည့် တွဲလက်ညီညီစစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။

“မိုးရာသီကာလက စပြီးဆိုတော့ ရာသီတုပ်ကွေးခံစားနေရတာရှိတယ်။ ဆေးဝါးတွေကတော့နီးစပ်ရာ ဆရာမတွေကို ခေါ် ပြီးပြနေရတယ်။ ကျနော်တို့မှာက ဆေးဝါးအလှူရှင်တွေမရှိဘူး။ ဆေး ပစ္စည်းမလုံလောက်ဘူး၊ အဲ့လိုအခက်အခဲလေးတွေရှိတယ်။ စောင့်ကြည့်နေရတဲ့ အနေအထားတွေလည်းရှိတယ်။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ယခုလက်ရှိတွင် တနင်္သာရီမြို့နယ်အတွင်း စစ်ဘေးရှောင် စုစုပေါင်း (၈,၀၀၀) ကျော်အထိရှိနေပြီး ၎င်းတို့ထဲတွင် တုပ်ကွေးဖြစ်ပွားနေသူ စုစုပေါင်း ၃၀၀ ကျော်အထိရှိနေကြောင်း၊ စစ်ဘေး ရှောင်ပြည်သူများအတွက် သောက်သုံး ရေမလုံလောက်မှုများအပြင် အမိုးအကာပစ္စည်းများလည်း လိုအပ်နေကြောင်းလည်း စစ်ဘေးရှောင် ကူညီသူများက ပြောသည်။

ထို့အပြင် ၎င်းဒေသတွင် စစ်ကောင်စီမှ ရိက္ခာသယ်ဆောင်ခွင့်ကို ပိတ်ထားသောကြောင့် စားနပ်ရိက္ခာ သယ်ဆောင်နိုင်ရန်လည်း လမ်းခရီးအခက်အခဲများရှိနေကြောင်း စစ်ရှောင်ကူညီသည့် အဖွဲ့အစည်းများ ကပြောသည်။

စစ်ဘေးရှောင်ကူညီသူတာဝန်ရှိသူက “လမ်းတွေက အခုထိပိတ်ထားတုန်းပဲ။ သောက်ရေတွေက မသန့်ရှင်းတော့ ဝမ်းပျက် ဝမ်းလျှောတွေ လည်းဖြစ်နေတာရှိတယ်။ ကလေးနဲ့လူကြီးတွေက ပိုအဖြစ်များတာပေါ့။ စစ်တပ်က ရိက္ခာသယ်တဲ့ လမ်းကြောင်း တွေအကုန်ပိတ်ထားတော့ ပိုဒုက္ခရောက်တာပေါ့။” ဟု ဖြည့်စွက် ပြောသည်။

တနင်္သာရီမြို့နယ်အတွင်း လတ်တလော တိုက်ပွဲများ ငြိမ်သက်နေသော်လည်း အာဏာသိမ်း စစ်ကောင်စီဘက်တွင် ရိက္ခာနှင့် တပ်အင်အား ဖြည့်တင်းမှုများ ကိုလုပ်ဆောင်လျက်ရှိနေသော ကြောင့် စစ်ဘေးရှောင်နေရဆဲ ဒေသခံရွာသားများအနေဖြင့် နေရပ်မပြန်နိုင်ကြသေးဘဲဖြစ်နေသည်။

ပြီးခဲ့သည့် မတ်လ၂၈ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကြား တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားခဲ့၍ ဒေသခံများအနေဖြင့် ဘေးလွတ်ရာသို့ ရှောင်တိမ်းခဲ့ကြ ရခြင်းဖြစ်သည်။