Home သတင်း စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်သောကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ

စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်သောကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ

616

ဇွန်လ ၁၄ ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကျောင်းနိမ့်ရွာတွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ ကျေးရွာ အတွင်း လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်မှုများကြောင့် ဒေသခံများ အနေဖြင့် ရွာလုံးကျွတ်ထွက် ပြေးတိမ်း ရှောင်နေ ရကြောင်း ဒေသခံများက ပြောသည်။

ယခု ဇွန်လ ပထမ အပတ်မှ စတင်ပြီး အာဏာသိမ်း စစ်ကောင်စီ ၏ ခြေလျင်တပ်ရင်း (ခလရ-၂၈၅) တပ်က နေ့စဉ် လက်နက်ကြီးများအပြင် Drone ဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ပြီး ရမ်းသမ်း ပစ်ခတ်နေ သောကြောင့် ဒေသခံရွာသားများအနေဖြင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင် နေရကြောင်း အမည် မဖော်လိုသူ ကျောင်းနိမ့် ရွာသားတစ်ဦးက ယခုလိုပြောသည်။

“ကျောင်းနိမ့်ရွာနဲ့ အနီးနားကရွာတွေအကုန်ထွက်ပြေးရတာ။စစ်တပ်က သူစိတ်ပါတဲ့အချိန်ကို ပစ်တာ။ ကြိုက်တဲ့အချိန်ကို ထိုင်ပစ်နေတာ။ စစ်ကြောင်းထိုးတာတွေ မရှိဘဲနဲ့ကို ထိုင်ပစ်နေတာ။ နေအိမ်မှာ ပြန်နေရဲ တဲ့သူတွေမရှိကြသေးဘူး။” ဟု ၎င်းက ကေအိုင်စီ သို့ပြောသည်။

ထို့အပြင် မိုးရာသီကာလဖြစ်သောကြောင့် ဒေသခံ (၁,၀၀၀) ကျော်ခန့်သည် မိုးရေထဲတွင်ထွက်ပြေး တိမ်းရှောင်နေကြရပြီး နေအိမ်ကိုမပြန်ရဲကြသေးဘဲ စစ်ရှောင်စခန်းတွင်သာနေထိုင်နေကြရသေးကာ စပါးစိုက်ပျိုးချိန်ကာလ ဖြစ်သော်လည်း စပါးမစိုက်နိုင်ကြသောကြောင့် လာမည့်နှစ်များတွင် စားနပ် ရိက္ခာ လိုအပ်ချက်အခက်အခဲများရှိလာမည်ကို စိုးရိမ်ကြကြောင်း စစ်ရှောင်ပြည်သူများက ပြောသည်။

စစ်ရှောင်အနီးကပ် ကူညီသူတစ်ဦးက “အခုထက်ထိ စစ်ရှောင်စခန်းမှာနေရတုန်းပဲ။ ဒီဘက်ခြမ်းမှာက မိုး ကောင်းတယ်လေ။ စစ်ရှောင်တွေဆိုမိုးရေထဲမှာ ထွက်ပြေးနေရတာ။ စပါးကလည်း အခုမှ စပျိုးတဲ့အချိန် ဆိုတော့ လုပ်ကိုင်ရမလွယ်ဘူး။ ဒီဘက်မှာက စစ်ရှောင်ကော်မတီတွေရှိတော့ အဆင်ပြေတယ် လို့ထင်ရတယ်။ ရိက္ခာနဲ့ ဆေးဝါးလိုအပ်ချက်တွေများလာတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

အလားတူ အာဏာသိမ်း စစ်ကောင်စီမှ တနင်္သာရီတိုင်းဒေသအတွင်းရှိ သရက်ချောင်း၊ ပုလော နှင့် ရေဖြူမြို့တို့ အပါအဝင် ကျေးရွာများတွင် စစ်တပ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ကျေးရွာ နေအိမ်များ မီးရှို့ ခြင်းများ ဒေသခံ ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ခြင်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိကြောင်း ဒေသတွင်း သတင်းဌာနများ၏ သတင်းဖော်ပြချက်များ အရ သိရသည်။