Home သတင်း သံတောင်ကြီးမြို့နယ်ရှိ စစ်ကာင်စီဂိတ်များ ဒေသခံများ၏ ဆန်နှင့် ငွေကြေးများကို သိမ်းယူ

သံတောင်ကြီးမြို့နယ်ရှိ စစ်ကာင်စီဂိတ်များ ဒေသခံများ၏ ဆန်နှင့် ငွေကြေးများကို သိမ်းယူ

794

ဇွန်လ ၁၄ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ထဲဝင်လာသော လမ်းကြောင်းပေါ်ရှိ စစ်ကောင်စီဂိတ်များတွင် ဒေသခံ သယ်ဆောင်သည့် ဆန်ရိက္ခာနှင့် ငွေကြေးများကို မကြာခဏ သိမ်းယူမှုများပြုလုပ်ခဲ့သည်ဟု ဒေသခံ၏ ပြောဆိုချက်အရ သိရသည်။

သံတောင်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က ဆန်၊ ဆေးဝါးနှင့် ငါးခြောက် စသည်တို့ သယ်ဆောင်ခွင့်ကို တားမြစ်ပိတ်ပင်လိုက်ပြီးနောက် ဒေသခံများစားသုံးရန် သယ်ဆောင်သည့် ဆန်များကို ထိုစစ်ကောင်စီဂိတ်များမှ သိမ်းယူမှု ပြုလုပ်ခဲ့သည့်အပြင် ပါလာသည့်ငွေများကိုလည်း မကြာခဏသိမ်းယူသွားခဲ့သည်ဟု ကိုယ်တိုင်ကြုံ တွေ့ခဲ့ရသူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းက “ကျမတို့ ဆိုရင် အိမ်စားဖို့ တောင်ငူမှာဆန်သွားဝယ်တာ သယ်ခွင့်မပေးဘူး။ စစ်တောင်းဂိတ်မှာ တားမြစ် တယ်။ စိတ်ကောင်းတဲ့ စစ်သားနဲ့တိုးရင်တော့ တချို့က နားလည်ပေးပြီး တစ်အိတ်စပေး သယ်လိုက် တာတို့ရှိတယ်။ တချို့ဆေးသွားဝယ်တဲ့ အဖွားကြီးတွေဆီမှာတောင် ပိုက်ဆံ ၁ သိန်း၂ သိန်းတွေ့ရင် PDFတွေကို ထောက်ပံ့တာလားဆိုပြီး ပိုက်ဆံသိမ်းလိုက်တာရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

သံတောင်မြို့နယ်ရှိ ဒေသခံများသည် အခြေခံစားသောက်ကုန်ပစ္စည်းအများစုကို တောင်ငူမြို့သို့ သွားရောက်ဝယ်ယူစားသုံးနေကြရပြီး ထိုသို့ သွားရောက်ဝယ်ယူရာတွင် သံတောင်မြို့နှင့် တောင်ငူမြို့ကြားရှိ စစ်တောင်းတံတားဂိတ်၊ ၄ မိုင်ဂိတ်၊ ၇ မိုင်ဂိတ်နှင့် ၁၃ မိုင်ဂိတ် စသည့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် ဖြတ်သန်းရသည့်အခါ တင်းတင်းကြပ်ကြပ်စစ်ဆေးခံရသည့်အပြင် သယ်ဆောင်လာသည့် ဆန်ရိက္ခာနှင့် ပါလာသည့် ငွေကြေးများကို မကြာခဏသိမ်းဆည်းခံရခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်နှင့်နီးစပ်သည့် ဒေသခံအချို့မှာ နားလည်မှုဖြင့် ဆန်ရိက္ခာ အနည်းငယ်သယ်ဆောင်ခွင့်ရ ရှိ သော်လည်း အဆိုပါဂိတ်များတွင် ဆန်တစ်အိတ်ကို ကျပ်ငွေ ထောင်ဂဏန်းမှ သောင်းဂဏန်းကျော်အထိ ငွေတောင်းခံခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် စားဝတ်နေရေးအတွက် သွားလာနေရသည့် ဒေသခံလူငယ်များကိုလည်း အဆိုပါဂိတ်များမှ ဖမ်းဆီး ငွေညှစ်ခံရမှုများ မကြာခဏဆိုသလို ကြုံတွေ့ရပြီး တစ်ဦးလျှင် ကျပ်ငွေ ၃ သိန်းအထိပေးဆောင်ကာ ပြန်လည်ထုတ်ယူရသည်ဟု နောက်ထပ်ဒေသခံတစ်ဦးကလည်း ပြောသည်။

သံတောင်မြို့ရှိ ဒေသခံတစ်ဦးက “ဟိုနေ့က လူငယ်တစ်ယောက် တောင်ငူဘက်မှာ ကွမ်းသီးသွားရောင်းတာ ပိုက်ဆံရလာတာက ၈ သောင်းလောက်ပဲ။ ဒါပေမယ့် (၄)မိုင်ဂိတ်မှာ သူတို့ကိုဖမ်းလိုက်တယ်။ ဖမ်းပြီး ၃သိန်းနဲ့ သွားထုတ်ခိုင်းတယ်။ ပြီးတော့ နောက်ထပ်လူငယ်တစ်ယောက် လည်းအဲလိုပဲ ကွမ်းသီးသွားရောင်းတာ ဂိတ်က ရဲတွေက ဖမ်းထားပြီးအချုပ်မှာ တစ်ညထားပြီး ၃သိန်းနဲ့ သွားထုတ်ခိုင်းတယ်။ ဒါက ကျနော်တို့ လက်လှမ်းမှီ သိတဲ့ သူတွေ၊ ကျနော်တို့ မသိတာတွေ အများကြီးခံရတာရှိအုံးမယ်”ဟု ပြောသည်။

စစ်ကောင်စီတပ်က ဒေသခံများအား ယခုလို ဆန်ရိက္ခာသယ်ဆောင်ခွင့်ပိတ်ပင်လိုက်သည့်အတွက် ဒေသအတွင်းရှိ ကျေးရွာများတွင် ဆန်စျေးအဆမတန်စျေးတက်သွားကာ ယခင်လေးသောင်းဝန်းကျင်ရှိသည့် ဆန်တစ်အိတ်ကို လက်ရှိအချိန်တွင် ရှစ်သောင်းကျော်အထိ စျေးတက်သွားပြီဖြစ်ကြောင်း ဒေသခံထံမှ သိရသည်။

စစ်ကောင်စီစစ်ဆေးရေးဂိတ်ဘက်မှ သွားလာနေသည့် ဒေသခံများကို ဖမ်းဆီးစစ်ဆေးမှုများ ပိုမိုလုပ်ဆောင် လာသည့်အတွက် မြို့ထဲသို့ သွားလာသည့်ကားများနည်းလာသည့်အပြင် ကားခစျေးတက်ခြင်း၊ ဂိတ်ကြေး အများအပြားပေးဆောင်ရခြင်းတို့ကြောင့် လက်ရှိတွင် ဒေသအတွင်း ကုန်ပစ္စည်းလည်း အဆမတန် စျေးတက်သွားကြောင်း ဒေသခံ၏ ပြောဆိုချက်အရ သိရသည်။