Home တွေ့ဆုံမေးမြန်းခန်း အင်တာဗျူးကဏ္ဍ – အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ပြင်သစ်နိုင်ငံကိုယ်စားလှယ်အနေနဲ့ တာဝန်ယူထားသူ နန်းစုမွန်အောင်ကို သူမ လုပ်ဆောင်နေရတဲ့အပိုင်းနဲ့ ပတ်သက်ပြီး KIC-ကရင်သတင်းဌာနရဲ့ အယ်ဒီတာ စအိုင်ဆူးက...

အင်တာဗျူးကဏ္ဍ – အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ပြင်သစ်နိုင်ငံကိုယ်စားလှယ်အနေနဲ့ တာဝန်ယူထားသူ နန်းစုမွန်အောင်ကို သူမ လုပ်ဆောင်နေရတဲ့အပိုင်းနဲ့ ပတ်သက်ပြီး KIC-ကရင်သတင်းဌာနရဲ့ အယ်ဒီတာ စအိုင်ဆူးက ဆက်သွယ်မေးမြန်းထား တာ ဖြစ်ပါတယ်။

1083

KIC – အနောအနေနဲ့ NUG မှာ ဘယ်နေ့တုန်းက စပြီးတော့မှ ဘယ်လိုအခြေအနေနဲ့ ပြစ်သစ်နိုင်ငံရဲ့ ကိုယ်စားလှယ် အဖြစ် တာဝန်ယူဖြစ်သွားတာလဲ။

ပြစ်သစ်နိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ကိုယ်စားလှယ်အဖြစ် အနောကို ခန့်အပ်ခဲ့တာကတော့ မတ်လ ၂၄ (၂၀၂၂)။ အဲ့ဒီမတိုင်ခင် အနောကတော့ ပြင်သစ်ရောက်မြန်မာများအသင်းမှာပေါ့။ အနောတို့လည်း နိုင်ငံရေးဘက်ဂရောင်း မရှိဘူးပေါ့နော်။ ၂၀၂၁ (စစ်တပ် အာဏာသိမ်းမှု)ကို လုံးဝ လက်မခံနိုင်တဲ့အတွက်ကြောင့် ပြင်သစ်မှာရှိတဲ့ မြန်မာတွေက စပြီးတော့ ဆန္ဒတွေပြကြတယ်။ အဲ့ဒီကနေမှတဆင့် ပြင်သစ်ရောက်မြန်မာများအသင်း ကို ပြန်ပြီးတော့ ဖွဲ့ထားတယ်။ အနောအနေနဲ့ အတွင်းရေးမှူးအနေနဲ့ ပါပြီးတော့မှ ၂၀၂၂ မှာ NUG အစိုးရက ပြင်သစ် မှာ ကိုယ်စားလှယ်ခန့်ထားတာကို အနော သိရတယ်။ အဲ့လိုဆိုတော့ ကိုယ့်နိုင်ငံရေးအတွက် ပါမယ်ဆိုပြီးတော့မှ အတွေ့အကြုံရှိရှိ၊ မရှိရှိ ရတဲ့ဘက်လုပ်မယ်ဆိုပြီး လျှောက်လိုက်တယ်။ လျှောက်ရင်းနဲ့မှ အနောကို မတ်လ ၂၄ရက်နေ့ မှာ ခန့်ဖြစ်တယ်။ အဲ့ဒီကနေစပြီးတော့မှ တာဝန်ယူဖြစ်ခဲ့ပါတယ်။

KIC – အနောအနေနဲ့ ပြင်သစ်ကိုယ်စားလှယ်အဖြစ် စပြီး တာဝန်ယူတဲ့အချိန်ကနေစပြီးတော့ ပြင်သစ်နိုင်ငံမှာ အဓိက အားဖြင့် ဘယ်တာဝန် အခန်းကဏ္ဍကို စပြီးတာဝန်ယူပေးနေရတာရှိသလဲ ရှင်းပြပေးပါအုံး။

ပြင်သစ်မှာကိုယ်စားလှယ်တစ်ယောက်အနေနဲ့ အဓိက တာဝန်ယူရတဲ့အပိုင်းတွေရှိတယ်။ အထူးသဖြင့် အနော က အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့အတွက် ပြင်သစ်ရဲ့နိုင်ငံခြားရေးဌာနနဲ့ ဆက်သွယ်ဖို့၊ အဓိက တာဝန်ကတော့ ဒီဘက်က အစိုးရနဲ့ဆက်သွယ်ချိတ်ဆက်ပြီး မြန်မာပြည်သူတွေရဲ့အသံကို NUG အစိုးရက ပြောစေချင် တဲ့ ဒီဘက်က အစိုးရနဲ့ ဆက်သွယ်ပို့ဆောင်ပေးရတာမျိုးက အနောရဲ့ အဓိကတာဝန်တစ်ခုဖြစ်တယ်။
ဒုတိယအနေနဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကတော့ နွေဦးတော်လှန်ရေးမှာ အဓိကအရေးကြီးတဲ့ ဘဏ္ဌာရန်ပုံ ငွေရှာဖွေရေးကိုလည်း အနောတို့ ကိုယ်စားလှယ်ရုံးအနေနဲ့ လုပ်ပေးဖြစ်တာတွေရှိတယ်။ ပြီးတဲ့အခါကျတော့ အောက် လွှတ်တော်အစိုးရ၊ အထက်လွှတ်တော်နိုင်ငံရေးသမားတွေလည်း ပုံမှန် ဆက်သွယ်ပေးနေရတယ်။ ဒါတွေ လက်ရှိမှာ လုပ်နေတယ်။ ပြင်သစ်မှာရှိတဲ့ မြန်မာတွေကို ကိုယ်စားပြု ကူညီပေးတာမျိုး၊ မြန်မာကွန်မြူနတီတွေနဲ့ ထိတွေ့ပေးနေရ တာမျိုးတွေ ရှိတယ်။


KIC – ပြင်သစ်ကိုယ်စားလှယ်တာဝန် ၁နှစ်ကျော်ကာလအတွင်းမှာ ပြင်သစ်နိုင်ငံအတွင်း ဘယ်ကဏ္ဍတွေ လုပ်ဆောင် ပေးနေရတာရှိလဲ ရှင်းပြပေးပါအုံး။

ပြင်သစ်က ဥရောပမှာဆိုလည်း အင်အားကြီးနိုင်ငံတစ်ခုဖြစ်တယ်။ ပြင်သစ်အစိုးရက အနောတို့က ၂၀၂၁ခုနှစ် စစဖြစ်ချင်းမှာပဲ သမ္မတ မာခရွန်ကိုယ်တိုင် မြန်မာနိုင်ငံအရေး၊ ဒီမိုကရေစီအရေးကို အရမ်း Support လုပ်တဲ့နိုင်ငံ ပေါ့။ အရမ်းထောက်ခံနေတဲ့နိုင်ငံတစ်ခုဖြစ်တယ်။ အဲ့လိုဆိုတော့ အခုချိန်ထိလည်း အနောတို့က ပြင်သစ်အစိုးရနဲ့ နိုင်ငံခြား ရေးဝန်ကြီးဌာန သူတို့နဲ့အဓိက ဆယ်သွယ်မှုတွေ အမြဲတမ်းရှိတယ်။ ဥပမာ ဒီဘက်က မက်ဆေ့တွေ အပြန်အလှန် ပို့နေတာ အခုထိတော့ Relationship တစ်ခုကို တည်ဆောက်ထားနိုင်တယ်။ ထိန်းသိမ်းထားနိုင်တယ်။ ဒါပေမဲ့ ပြင်သစ်နိုင်ငံရဲ့ Position သူတို့ရဲ့နိုင်ငံရေးမူ၊ သူတို့ရဲ့ ထုံးတမ်းအစဉ်အလာ ဥပဒေအရ နိုင်ငံကိုပဲ အသိအမှတ်ပြုတယ်။ နိုင်ငံကိုပဲ ကိုယ်စားပြုပြီးတော့မှ အစိုးရကို အသိအမှတ်မပြုဘူးဆိုတဲ့မူနဲ့ သူတို့သွားထားတာ ရှိတယ်။
အဲ့လိုအနေအထားဆိုပေမဲ့ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၂၀၂၁စပြီးတော့မှ အခုချိန်အထိ အမြဲတမ်း ရှုတ်ချ တဲ့စာတွေ ပုံမှန်ထုတ်တယ်။ အဲ့လိုထုတ်တိုင်းလည်း ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုပဲ အသိအမှတ်ပြုတဲ့အကြောင်းကို ထပ်ခါထပ်ခါ ပြောတယ်။ ၂၀၂၀ ကထွက်လာတဲ့ ကိုယ်စားလှယ်တွေကိုပဲ အသိအမှတ်ပြုတယ်ဆိုတဲ့မူကိုပဲ သွားနေ တယ်ပေါ့နော်။ အဲလိုဆိုတော့ အခုထိ ပုံမှန် ဆက်သွယ်ဆောင်ရွက်မှုတွေ ရှိတယ်။

KIC – သူတို့ကိုချဉ်းကပ်တဲ့အပိုင်းမှာရော ဘယ်လိုမျိုးပုံစံနဲ့ လုပ်ဆောင်တာမျိုးရှိလဲ။

ချဉ်းကပ်တဲ့အပိုင်းမှာ အနောတို့က တွေ့ဆုံတာမျိုးတော့ရှိတယ်။ ဒါမှမဟုတ် အနောတို့ပုံမှန်လုပ်နေတဲ့ email ကနေ ဆက်သွယ်လုပ်ဆောင်နေတာရှိတယ်။ ပြောရမယ်ဆိုရင် လွယ်တော့မလွယ်ဘူးပေါ့နော်။ ဒီလိုတွေ ချဉ်းကပ်လုပ် ဆောင်နေရတဲ့အခါမှာ အစပိုင်းမှာ အခက်အခဲတော့ ရှိတယ်ပေါ့နော်။ အနောကလည်း သံတမန်ရေး အတွေ့အကြုံမရှိ ဘူး။ ကိုယ့်အတွက်လည်း အသစ်ဖြစ်တဲ့အခါကျတော့ အခက်အခဲတော့ရှိတယ်။ သူတို့နဲ့ ချဉ်းကပ်တဲ့အခါမျိုးမှာပဲ စိတ် ရှည်ရတယ်။ ဒီဟာ တော်လှန်ရေးကာလလည်းဖြစ်တယ်။ တော်လှန်ရေးအစိုးရဆိုပေမဲ့ ကိုယ့်အစိုးရကို အစိုးရလိုပဲ ဆက်ဆံစေချင်တယ်လေ။ ကိုယ့်အစိုးရကို အစိုးရလိုပဲ ဆက်ဆံစေချင်တာကြောင့် အနောတို့ ကြိုးစားနေတယ်။ ချဉ်းကပ်နေတယ်။

KIC – ပြင်သစ်နိုင်ငံကိုရောက်သွားတဲ့ မြန်မာတိုင်းရင်းသားအရေအတွက် သိမရှိဘူးလို့ သိရတယ်။ ဆိုတော့ ကိုယ်က ဒီနိုင်ငံမှာ ကိုယ်စားလှယ်အနေနဲ့ တာဝန်ယူပေးရတဲ့အခါကျတော့ ဘယ်လိုစိန်ခေါ်မှုတွေ ကြုံတွေ့ရတာရှိလဲ။ ဒီစိန်ခေါ် မှုတွေကိုရော ကိုယ့်အနေနဲ့ ဘယ်လိုရင်ဆိုင်ကျော်ြဖတ်လာခဲ့ရသလဲ။

မတ်လ ၂၄ရက်နေ့မှာ အနောကို ကိုယ်စားလှယ်စစခန့်ချင်း ရုံးဖွဲ့ရတယ်။ ဒီပြင်သစ်မှာ ကိုယ်စားလှယ်ရုံး ရှိဖို့အ တွက် စတင်ဖွဲ့တာတွေ လုပ်ရတယ်။ အဲ့လိုတဲ့စလုပ်တဲ့အခါမှာ စိန်ခေါ်မှုတွေတော့ ရှိတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒါက အနောတို့ကျွမ်းကျင်တဲ့ နယ်ပယ်တွေလည်း မဟုတ်ဘူး။ အဓိကကတော့ Human Resource ပြင်သစ်မှာ မြန်မာ တွေနည်းတဲ့ကြားထဲကနေ တက်တက်ကြွကြွပါနိုင်တဲ့လူ အချိန်ပေးနိုင်တဲ့သူတွေကလည်းနည်းတယ်။ ရှိတဲ့လူနဲ့ အနော တို့ လုပ်ရတယ်။ အဆင်ပြေသလိုလုပ်ရတော့ လိုအပ်ချက်တွေရှိတယ်။ အားနည်းချက်တွေ ရှိတယ်ပေါ့နော်။ အခက်အ ခဲတွေ ရှိတယ်။ ရာထူးတွေထက် ယူထားတဲ့တာဝန်ကို လုပ်ပေးချင်တဲ့စိတ်နဲ့ပဲပေါ့။ တစ်ဖက်မှာလည်း အနောတို့ မြန်မာ ကွန်မြူနတီနဲ့ ဆက်သွယ်ဆောင်ရွက်ပြီး အတူတူလုပ်ကြတယ်။
ဥပမာ ပြင်သစ်မှာ ရန်ပုံငွေစျေးရောင်းပွဲတွေ အဓိပတိတွေလုပ်တဲ့အခါ အနောတို့က ပုံမှန်ပါဖြစ်တယ်။ ဒါပေမဲ့ ဒီ Challgence တွေကပေါ့နော်။ မြန်မာတွေ တော်လှန်ရေးကလည်း ၂နှစ် ကြာလာတဲ့အခါကျတော့ ပမ်းလာတဲ့အခါ ရှိတယ်ပေါ့နော်။ ဘယ်လောက်ပဲ ပမ်းလာကြပါစေ။ အနောတို့လိုရင်လိုသလို အခုထိ ပြည်သူတွေက သွေးမအေးဘူး။ ဆိုင်ကလုန်းတွေဖြစ်တယ်။ ရုံးကနေပြီးတော့မှ ရန်ပုံငွေတွေကောက်ခံတယ်။ အဲ့လိုအရေးပေါ်လိုလာလို့ ကောက်ခံတဲ့ အခါကျရင် နိုင်တဲ့လူတွေက နိုင်သလောက် အခုချိန်အထိ ထည့်နေကြတယ်။ အဲ့လိုဆိုတော့ အနောတို့ အခက်အခဲ ကြားကနေ ဒီလိုဖြစ်လာတယ်။ ပြောရမယ်ဆိုရင် ပြည်တွင်းကနေ မြန်မာတွေအားရော၊ ပြည်ပက မြန်မာပြည်သူတွေ အားရောက အရေးကြီးတယ်။

ကိုယ့်မြန်မာတွေက တော်လှန်ရေးမှာ သွေးမအေးသေးတဲ့အကြောင်း တွေ့ရတဲ့အခါကျတော့ အနောတို့လည်း အားရှိတယ်ပေါ့နော်။ ဘယ်လောက်ပဲ အခက်အခဲတွေရှိလည်း ကိုယ့်ရဲ့တော်လှန်ရေးမှာ အခုထိ နောက်မဆုတ်တမ်း ပါနေတဲ့သူတွေရှိတယ်။ အနောတို့လည်း ကိုယ်လုပ်တာကိုနောက်မဆုတ်ဘဲ ဆက်လုပ်နိုင်တာပေါ့နော်။ ဥပမာ ဒီအစိုးရ တွေကို ဆက်ဆံတဲ့အခါ အောက်လွှတ်တော်နဲ့ ဆက်ဆံတဲ့အခါမျိုး အနောတို့က ပုံမှန်ချင်း ဆက်ဆံတယ်ပေါ့။ တစ်ခါ တစ်လေကျရင် သူတို့ဘက်က Follow up တွေ မလာဘူးပေါ့နော်။ စာတွေ မပြန်ဘူး။ အဲ့လိုအခါကျရင် စိတ်ရှည်ရ တယ်။ စောင့်ရတယ်။

ပြီးတော့ အနောတို့က ပြင်သစ်ရောက် မြန်မာများအပြင် ပြင်သစ်လူမျိုးတွေကိုလည်း မြန်မာ့နိုင်ငံရေး အခြေ အနေ ဉရောပဘက်မှာကလည်း ယူကရိန်းက ရှိတယ်ပေါ့နော်။ ယူကရိန်းနဲ့ ရရှားစစ်ကလည်း ရှိနေတဲ့အခါကျတော့ အနောတို့ကလည်း ပြင်သစ်မီဒီယာတွေကို ထိုးဖောက်ရတဲ့အခါကျတော့ ဒါတွေက စိန်ခေါ်မှုတစ်ခုဖြစ်တယ်။ မီဒီယာ တွေမှာ တော်တော်များများက ယူကရိန်းသတင်းတွေနဲ့ပဲ ပြည့်နေတယ်။ အဲ့လိုဆိုတော့ အနောတို့က ဒီပြင်သစ်ဘက်ကို လည်း မြန်မာနိုင်ငံရေးသတင်းတွေကို ပြင်သစ်က ကြည့်ရှုသူတွေကိုလည်း ရအောင်လုပ်ရတယ်။

KIC – ပြင်သစ်အစိုးရအနေနဲ့က NUG အမျိုးသားညီညွတ်ရေးအစိုးရထံ သူ့ရဲ့အသိအမှတ်ပြုမှုက ဘယ်အတိုင်းအတာ ထိ ရှိနေလဲ။ မြန်မာနိုင်ငံရဲ့ အစိုးရတစ်ရပ်အနေနဲ့ လက်ခံထားတဲ့သဘောရှိသလား။

အနော ခုနတုန်းက ပြောသွားသလို ပြင်သစ်အစိုးရကတော့ ဒီကိုထောက်ခံတယ်၊ အားပေးတယ်။ ပြည်သူနဲ့ တစ်သားတည်းရှိတယ်။ ပြီးတဲ့အခါကျတော့ သူတို့ရဲ့ဥပဒေအရကတော့ သူတို့က ဒီနိုင်ငံကိုပဲ အသိအမှတ်ပြုတယ်ပေါ့။ အစိုးရကို အသိအမှတ်မပြုဘူး။ သူတို့ဆိုရင် အနောတို့ကို ပြောတာက စကစ(စစ်ကောင်စီ)နဲ့ လုံးဝ သူတို့ အဆက်အ သွယ် မလုပ်ဘူးပေါ့နော်။ အနောတို့နဲ့ အမျိုးသားညီညွှတ်ရေးအစိုးရနဲ့တော့ ပုံမှန်ဆက်သွယ်မှုတွေရှိတယ်။ အဲ့လိုဆို လည်း အနောတို့က နောက်တစ်ဆင့် အသိအမှတ်ပြုတယ်ဆိုတဲ့နေရာမှာ အဆင့်တွေရှိမယ်ပေါ့နော်။ အများကြီးတော့ မသိဘူး။ ဒါပေမဲ့ အနောတွေ့သလောက်တော့ အဆင့်တွေလည်း ရှိတာပေါ့။ အခု အနောတို့ရှိနေတဲ့ ပုံမှန် ဆက်သွယ် ရေးထက်တိုးပြီးတော့ နောက်တစ်ဆင့်တိုးဖို့အတွက်တော့ အနောတို့ ကြိုးစားနေပါတယ်။

KIC – နောက်ထပ်မေးချင်တာက NUG ရဲ့နိုင်ငံအလိုက် ကိုယ်စားလှယ်ထဲမှာဆိုရင် အနောက အသက်အငယ်ဆုံးဖြစ် တယ်။ ပြီးတော့ တစ်ဦးတည်းသော အမျိုးသမီးကိုယ်စားလှယ် ဖြစ်တာဆိုတော့ ဒီလိုအခြေအနေမျိုးမှာ လုပ်ငန်းဆောင် ရွက်တဲ့အခါ ကိုယ့်အနေနဲ့ အကောင်းဆုံးလုပ်ပေးနိုင်ခဲ့တာကိုပြောရင် ဘယ်ဟာဖြစ်မလဲ။

ပြောရမယ်ဆိုတော့ ဒီတစ်နှစ်အတောအတွင်းမှာ အနောတို့လုပ်ဆောင်ခဲ့တာတွေ အဓိကကတော့ ဒီပြင်သစ်လို အင်အားကြီးနိုင်ငံမှာ ကိုယ့်ရဲ့ NUG အစိုးရကိုယ်စားလှယ်ရုံး ဖွင့်ထားလိုက်နိုင်တယ်ဆိုကတည်းက အနောအတွက် တော့ ဒါ အောင်မြင်မှုတစ်ခုပဲပေါ့နော်။ ကိုယ်စားလှယ်ရုံး မရှိတာထက်စာရင် အခု ကိုယ်စားလှယ်ရုံးရှိလို့ NUG အစိုးရရဲ့ အသံ၊ မြန်မာပြည်သူတွေရဲ့အသံတွေကို အနောတို့ဘက်က အစိုးရဆီကို ပုံမှန် ပို့ပေး၊ ပြောပေးလို့ရတယ်။ ပြီးခဲ့တဲ့အခါ ကျတော့ ရန်ပုံငွေအပိုင်းတွေဆိုလည်း ၂နှစ်အတွင်း အမျိုးသားညီညွှတ်ရေး စီမံဘဏ္ဌာတို့က ရောင်းချနေတဲ့ ဥပမာ Porn တို့၊ EOD တို့ အဲ့ဒီရဲ့ပရိုဂရမ်တွေ အနောတို့တာဝန်ယူပြီးတော့မှ ရောင်းပေးနေတာ EOD နဲ့ Porn ဆိုရင်ပဲ ဒီပြင်သစ်မှာ မြန်မာဘယ်လောက်ပဲနည်းနည်း ယူရို တစ်သိန်းဝန်းကျင်ထိ အနောတို့ ရှာပေးနိုင်တယ်။

ဥပမာ NUG PAY ဆိုရင်လည်း အနောတို့တာဝန်ယူပြီးလုပ်ပေးတဲ့အချိန် ဒီငွေဖြည့်ကတ်တွေ ယူရို ခုနှစ်သောင်း ကျော်ရှိနေပြီး။ ဒါ အဓိကတော်လှန်ရေးရဲ့ရန်ပုံငွေတွေ ဖြစ်တဲ့အတွက်ကြောင့် ရန်ပုံငွေပိုင်းကို ပိုပြီး အားရစေတယ်။ ဖေဖော်ဝါရီ ၁ရက်နေ့ ၂၀၂၃ခုနှစ်မှာ အနောတို့ရဲ့ NUG လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းတို့နဲ့ အောက်လွှတ် တော်မှာ ပြင်သစ်-မြန်မာချစ်ကြည်ရေး ဥက္ကဌနဲ့ တွေ့ဆုံမှုတွေ အနောတို့ စီစဉ်ပေးဖြစ်ခဲ့တယ်။
ကိုယ်စားလှယ်ရုံးကနေ ပြီးတော့မှ ပြင်သစ်က သတင်းထောက်တွေနဲ့ မီဒီယာကွန်ဖရန့်တွေ အနောတို့ လုပ်ပေး ဖြစ်တယ်။ ဒါကလည်း ကိုယ့်နိုင်ငံအတွက်ပေါ့။ မြန်မာ့နိုင်ငံရေး နွေဉီးတော်လှန်ရေး အကြောင်းထူးကို လုပ်ပေးခဲ့နိုင် တယ်ပေါ့။

KIC – စစ်အာဏာရှင်စနစ်နဲ့ စစ်အုပ်စု အမြစ်ပြတ်ဖို့အတွက် တိုက်ပွဲဝင်နေတဲ့ နွေဦးတော်လှန်ရေးအဖွဲ့တွေ တိုင်းရင်း သားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တော်လှန်ရေးအောင်မြင်ပြီးရင် ရှေ့ဆက်ပြီးတော့မှ ဘယ်လိုလုပ်ဆောင်ပေး သွားဖို့ အခြေအနေရှိနေတယ်ဆိုတာလည်း ရှင်းပြပေးပါအုံး။

ဒီနွေဦးတော်လှန်ရေးကတော့ အနောအမြင်မှာတော့ အနောတို့အားလုံးလည်း မြင်နေရ၊ တွေ့နေရတယ်။ ဒီတော်လှန်ရေးက ပြည်သူလူထုရဲ့တော်လှန်ရေးဖြစ်တယ်။ တိုင်းရင်းသားအားလုံးပေါင်းစုပြီးတော့ ရိုဟင်ဂျာအပါအဝင် လူမျိုးဘာသာမရွေး အားလုံးပေါင်းပြီးပါလာတဲ့ တော်လှန်ရေးဖြစ်တယ်။ ဒီတော်လှန်ရေးက ၂ နှစ်ပြည့်ပေမဲ့ ပြည်သူ တွေက သွေးမအေးဘူး။ ပြည်တွင်းရော လူထုရဲ့အားပါ သွေးမအေးဘူး။ ဒီတော်လှန်ရေးကို ဦးဆောင်ခဲ့တာလည်း လူထုပဲ။ လူထုအားနဲ့သွားတဲ့ တော်လှန်ရေးဖြစ်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ဒီတော်လှန် ရေးက အရေးကြီးတယ်။
ဒီလိုမျိုးမြင်ရတာက အရင်ကနဲ့ မတူပဲ တော်လှန်ရေးမျိုးပေါ့နော်။ မြန်မာမှာ မရှိတဲ့ တော်လှန်ရေးဖြစ်တဲ့အ တွက်ကြောင့် ဥပမာ ဒီမြေပြင်မှာ GZ လေးတွေ သူတို့တော်လှန်ရေးကို လက်နက်ကိုင်တော်လှန်နေတယ်။ ပြည်တွင်း မှာ အဲ့လိုမျိုးတွေ မြင်နေရတဲ့အတွက် အနောတို့လည်း အားရှိတာပေါ့။ အဲ့ဒီအားနဲ့ပဲ အနောတို့လည်း ဆက်သွားနေ တယ်။ အနောတို့လည်း နောက်မဆုတ်စတမ်း ကိုယ့်လုပ်နိုင်တဲ့အတိုင်းအတာအထိ ဆက်လုပ်သွားမယ် အဲ့လိုတော့ ဆုံးဖြတ်ထားတယ်။

KIC – နောက်ဆုံးအနေနဲ့ကတော့ အနောအနေနဲ့ သီးခြားဖြစ်ဖြစ် မြန်မာပြည်သူတွေအတွက် ဖြည့်စွက်ပြီးတော့ ပြောချင်တာရှိရင်လည်း ပြောပေးပါအုံး။

အနော အားပေးချင်တာကတော့ မြေပြင်မှာ အခုထိတိုက်နေတာ ၂နှစ်လည်း ပြည့်လာတဲ့အခါကျတော့ ငါတို့ က လက်နက်ကိုင်ပြီး အသက်ပေးပြီးတော့မှ တော်လှန်နေကြတယ်။ လူတွေကတော့ သာမန်လိုပဲ သွားလာစားသောက် နေကြတယ်။ အနည်းနဲ့အများ ဒါတွေ မြင်ရတဲ့အခါကျတော့ စိတ်ဓာတ်တွေ ကျလာတယ်ပေါ့နော်။ အနောတို့ပြောချင် တာက ကိုယ့်ရဲ့ခံယူချက်ချင်းကတော့ လူတိုင်း တစ်ယောက်နဲ့တစ်ယောက် မတူညီကြဘူးပေါ့နော်။ ဒါပေမဲ့လည်း ကိုယ်ရွေးတဲ့လမ်း၊ ကိုယ့်ရဲ့ခံယူချက် ကိုယ့်လျှောက်တဲ့လမ်း ဓမ္မဘက်ဖြစ်တဲ့အတွက်ကြောင့်မို့ အမြဲတမ်း လိပ်ပြာလုံ တယ်။ ဒီစိတ်နဲ့ပဲ ကိုယ့်ပါကိုယ် အားပေးပြီးတော့ တော်လှန်ရေးဘက်က လူတိုင်းက အမှန်တရားဘက်ကိုပဲ ရွေးပြီး တော့ လျှောက်လှမ်းကြမယ်။ ဒီတော်လှန်ရေးက နိုင်ကိုနိုင်မဲ့တော်လှန်ရေးဖြစ်တယ်။

ဒါ အနော်တို့ခေါင်းဆောင်တွေရော၊ ပြည်သူလူထုထဲကရော ယုံကြည်နေတဲ့ဟာပေါ့နော်။ အဲ့ဒါကြောင့်မို့ စိတ် ဓာတ်မကျပါနဲ့။ ကိုယ်သွားမဲ့လမ်းကြောင်း ကိုယ့်ရဲ့ခံယူချက်ကိုပဲကြည့်ပြီးတော့ တော်လှန်ရေးအောင်မို့ ဆက်သွားဖို့ လိုတယ်။ နောက်မှာ လာမဲ့မျိုးဆက်တွေအတွက်ကို မြင်ပြီးတော့မှ ဆက်သွားဖို့လိုမယ်ပေါ့နော်။ တစ်ဆက်ထဲမှာပဲ ပြည်ပရောက် Supporter တွေအနေနဲ့ အလုပ်တစ်ဖက်နဲ့ ရတဲ့လစာနဲ့ ရတဲ့ဘက်ကိုလုပ်ကြတယ်။ ကြာလာတော့ မကူညီချင်တော့ဘူး အဲ့လိုစိတ်တွေ ဖြစ်လာတဲ့အခါကျရင် ပြန်မြင်ယောင်ရမှာက မြေပြင်မှာ ဆယ်ကျော်သက်တွေ ပါတယ်။ အရွယ်ပေါင်းမျိုးစုံက လက်နက်တွေကိုင်ပြီးတော့မှ ဇီးရိုးမှစခဲ့တဲ့ တော်လှန်ရေးဖြစ်တဲ့အတွက်ကြောင့်မို့ ပြည်ပအားလည်း အရေးကြီးတယ်ပေါ့နော်။ အနောကတော့ ဆက်လက်ပြီးတော့ ပါဝင်ပေးကြဖို့ တိုက်တွန်းချင်တယ်။