Home သတင်း မုန်တိုင်းသတိပေးချက်များကြောင့် ကရင်နှင့်တနင်္သာရီရှိ စစ်ဘေးရှောင်များ စိုးရိမ်ပူပန်မှုများ ရှိနေ

မုန်တိုင်းသတိပေးချက်များကြောင့် ကရင်နှင့်တနင်္သာရီရှိ စစ်ဘေးရှောင်များ စိုးရိမ်ပူပန်မှုများ ရှိနေ

1137

မေလ ၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ယခုမေလ ဒုတိယအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းသို့ ဖြတ်ကျော်ဝင်ရောက်လာနိုင်သော ဆိုင်က လုန်းမုန်တိုင်း အဖျားခတ်၍ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းအတွင်း မိုးကြီးရေလျှံမှုများ ဖြစ်ပေါ် လာနိုင်မှုကြောင့် အမိုးအကာလိုအပ်ချက်များရှိနေသည့် စစ်ဘေးရှောင်ပြည်သူများ စိုးရိမ်ပူပန် နေရကြောင်း စစ်ဘေးရှောင်ကူညီနေသူများမှ သိရသည်။

မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရန်နှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနနှင့် ဒေသအလိုက် မိုးလေဝသသတင်းဌာနများကလည်း ကြေညာချက်များထုတ်ပြန်ထားသည်။

ထို့အပြင် တဆက်တည်း မိုးရာသီရောက်ရှိတော့မည်ဖြစ်သောကြောင့် နွေရာသီအတွင်း အဖြစ် သဘောသာ ဆောက်လုပ်နေထိုင်သော စစ်ဘေးရှောင်ပြည်သူများအတွက် အမိုးအကာများ လိုအပ် ချက်ရှိလာသဖြင့် စိုးရိမ်ပူပန်နေရကြောင်း တနင်္သာရီတိုင်းဒေသကြီးအတွင်း စစ်ဘေးရှောင်များ ကူညီပေးနေသူ အမျိုးသားတစ်ဦးက ပြောသည်။

“ကျနော်တို့ဒေသက ကမ်းရိုးတန်းဆိုတော့ မုတ်သုံလေအားကောင်းတယ်လေ။ မုန်တိုင်းဒဏ် ဆိုးဆိုးရွားရွားခံရတာမျိုးမရှိပေမယ့် မိုးကတော့ကြီးတယ်။ စစ်ရှောင်တွေနေရတဲ့နေရာတွေက ပင်လယ်နဲ့နီးတဲ့နေရာတွေဆိုတော့ စိုးရိမ်ရတာပေါ့။ မုန်တိုင်းမကျရင်တောင်မှ မိုးကြီးနိုင်တယ်ဆိုရင် နွေရာသီမှာလို‌တော့ ပေါ့ပေါ့ပါးပါးနေလို့ရမှာ မဟုတ်တော့ဘူးလေ။ ကြိုတင်ပြင်ဆင်မှုတွေက အများကြီးလုပ်ဖို့လိုအပ်ပါတယ်။” ဟု အဆိုပါအမျိုးသားကပြောသည်။

ထို့အပြင် စစ်ဘေးရှောင်များအတွက် လိုအပ်သည့်ဆန်စပါးထောက်ပံ့နိုင်ရန် ယခုကတည်းက ကြိုတင်သိုလှောင်ထားရှိရန် စဥ်းစားထားသော်လည်း စစ်ဘေးရှောင်ကူညီနေသူအများစုသည် စစ်ကောင်စီ၏ စောင့်ကြည့်မှုအောက်မှ လုပ်ဆောင်နေရသလို ကားတစ်စီးလျှင် ဆန်တင်ဆောင်နိုင်မှု အကန့်အသတ်ဖြင့်ရှိနေ၍ ထိရောက်သောကူညီထောက်ပံ့မှုပေးနိုင်ရန် ခဲယဥ်းကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ကြေညာချက်များအတိုင်း ကရင်ပြည်နယ်အတွင်း မုန်တိုင်းအဖျားခတ်၍ မိုးကြီးရေ လျှံမှုများဖြစ်လာပါက စစ်ဘေးရှောင်နေရာများတွင် နွေရာသီအတွက်သာ နေစရာ ဆောက်လုပ်ပြင်ဆင်ထားခြင်းမျိုးဖြစ်သောကြောင့် အခက်အခဲရှိနိုင်ကြောင်း ကော့ကရိတ်မြို့အတွင်း စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့ရေးများလုပ်ဆောင်ပေးနေသော အမျိုးသားတစ်ဦးကလည်း ပြောသည်။

၎င်းက “ကျနော်တို့ဘက်မှာ မိုးရာသီအတွက်လည်း လိုအပ်ချက်တွေအများကြီး ရှိနေတယ်။ လောလောဆယ်က ကိုယ်တတ်နိုင်သလောက်တော့ ပြင်ဆင်မှုအနည်း အကျဥ်းလုပ်ထားတာပဲရှိတယ်။ မိုးကြီးရေလျှံမှုအတွက်တော့ ပြင်ဆင်ထားချက်မရှိလို့ အခက် အခဲရှိနိုင်တယ်။ စစ်ဘေးရှောင်ပြည်သူတချို့ကလည်း ဒီကိစ္စအတွက် စိုးရိမ်နေရတဲ့အကြောင်း လာပြောပြထားတာရှိတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ ပြီးခဲ့သည့် မတ်လအတွင်းက ကေအဲန်ယူ၊ တပ်မဟာ(၆) ထိန်းချုပ်နယ်မြေ ဒူးပလာယာ ခရိုင်တွင် စစ်ကောင်စီတပ်မှ လေကြောင်းပစ် ခတ်မှုနှင့်လက်နက်ကြီး ပစ်ခတ်မှုများလုပ် ဆောင်သောကြောင့် ကိုယ်ဝန်ဆောင်မိခင်၊ မသန်စွမ်းသူများ၊ ကလေးသူငယ်နှင့်သက်ကြီး ရွယ်အိုများပါဝင်နေသော စစ်ဘေးရှောင်ပြည်သူ ၂သောင်းကျော်သည် လက်ရှိအချိန်ထိ နေရပ်ပြန်နေထိုင်နိုင်ခြင်းမရှိသေးဘဲ မိုးရာသီကျရောက်တော့မည်ဖြစ်သဖြင့် နေရာထိုင်ခင်း လိုအပ်ချက်များ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးလိုအပ်ချက်များ ရှိနေကြောင်း ကေအဲန်ယူက ထုတ်ပြန်ထားချက်အရ သိရသည်။