Home သတင်း အစည်းအရုံး၏ စည်းမျဉ်းဥပဒေများကို ချိုးဖောက်သူများအား အရေးယူရန် ခေါင်းဆောင်သစ်များအား KNU တပ်မဟာ(၅) တောင်းဆို

အစည်းအရုံး၏ စည်းမျဉ်းဥပဒေများကို ချိုးဖောက်သူများအား အရေးယူရန် ခေါင်းဆောင်သစ်များအား KNU တပ်မဟာ(၅) တောင်းဆို

1186

မေလ ၉ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကျင်းပပြုလုပ်ပြီးစီးသွားသည့် ကရင်အမျိုးသားအစည်းအရုံး-KNU ဗဟို၏ (၁၇) ကြိမ်မြောက် ကွန် ဂရက်မှ ရွေးကောက်တင်မြောက်လိုက်သည့် ခေါင်းဆောင်သစ်များအနေဖြင့် ရာဇဝတ်မှုနှင့် ပတ်သက် သော စီးပွားရေး လုပ်ငန်းများတွင် ပါဝင်ပတ်သတ်မှုများရှိသည့် ခေါင်းဆောင်များကို အရေးယူ ဖြေရှင်း သွားရန် ယမန်နေ့ မေလ ၈ ရက်နေ့စွဲဖြင့် KNU၏ တပ်မဟာ (၅) မူတြော် (ဖာပွန်) ခရိုင်မှ ကြေညာချက် ထုတ်ကာ တောင်းဆိုထားသည်။

ကရင်ဘာသာဖြင့် ရေးသားထားသည့် အဆိုပါ ထုတ်ပြန်စာတွင် ရာဇဝတ်မှုနှင့်ပတ်သက်သည့် စီးပွားရေး လုပ်ငန်းများတွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်မှုရှိလာစေရေးသည် ရန်သူ၏အဖွဲ့အစည်း အတွင်း ထိုးခွဲသပ်လျှိုကြိုးပမ်းမှုတစ်ရပ်ဖြစ်သည်ကို ယုံကြည်သောကြောင့် အဆိုပါ ကိစ္စရပ်များအား အမြန်ဆုံးဖြေရှင်းပြီး ပါဝင်ပတ်သက်သူများကို အစည်းအရုံး၏ ချမှတ်ထားသည့်စည်းမျဉ်း ဥပဒေအတိုင်း အရေးယူမှုပြုသွားရန် သဘောထားထုတ်ပြန်တောင်းဆိုထားခြင်းဖြစ်သည်။

“ဒုစရိုက် စီးပွားရေး လုပ်ငန်းများနှင့် နိုင်ငံတကာကို ဆန့်ကျင်သည့် စီးပွားရေးလုပ်ငန်းများတွင် ကေအဲန်ယူ ပါဝင်ပတ်သက်လာစေရန်မှာ ရန်သူ၏ အဖွဲ့အစည်းအပေါ် အကွဲအပြဲ ဖြစ်စေချင်သည့် နည်းလမ်းများထဲက တစ်ခုဖြစ်သလို မိမိလူထုနှင့် အတိုက်အခံဖြစ်သွားစေရန်အပြင် ကေအဲန်ယူ၏ နိုင်ငံရေးကို သေစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်။ ဒီအတွက် ကေအဲန်ယူ ခေါင်းဆောင်သစ်များ အနေဖြင့် တာဝန်ယူဖြေရှင်းရမည်ဖြစ်သလို အဖွဲ့အစည်း၏ စည်းမျဉ်းဥပဒေများအား ချိုးဖောက် လုပ်ဆောင်သူများကိုအရေးယူခြင်းဖြင့် ကော်သူးလေ နယ်မြေအတွင်း ဒုစရိုက်စီးပွားရေး လုပ်ငန်းများ ဖော်ဆောင်မှုများကို ဖြိုဖျက်ဖြင့် တရားဥပဒေ စိုးမိုးမှုရှိခြင်းကို ပြသသွားရမည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြရေးသားတောင်းဆိုထားခြင်းဖြစ်သည်။

အချက် (၉)ချက်ပါ သဘောထားထုတ်ပြန်ချက်အရ ကနဦးတွင် (၁၇) ကြိမ်မြောက် ကွန်ဂရက်မတိုင်ခင် ရာဇဝတ်မှုများနှင့် ပတ်သက်သည့် စီးပွားရေးလုပ်ငန်းများတွင် ကေအဲန်ယူ၏ ထိပ်ပိုင်းခေါင်း ဆောင် တချို့ ပါဝင်ပတ်သက်ခြင်းအပေါ် မျက်နှာချင်းဆိုင် ဖြေရှင်းပြီးမှ ကွန်ဂရက်ကို ပြုလုပ်ကျင်းပသွားရန် တောင်းဆိုခဲ့ခြင်းများနှင့် ဗဟိုခေါင်းဆောင်များ၏ဖြေရှင်းချက်များအပေါ် စိတ်ကျေနပ်မှုမရှိသေးသည့် အချက်များကို အဓိကထည့်သွင်းရေးသား ဖော်ပြထားခြင်းဖြစ်သည်။

ထို့အပြင် ယခုပြုလုပ်ပြီးစီးသွားသည့် ကေအဲန်ယူ ကွန်ဂရက်တွင် မူတြော်(ဖာပွန်)ခရိုင် နှင့် တောဦး (တောင်ငူ) ခရိုင်မှ ကိုယ်စားလှယ်များမှာ ကွန်ဂရက်ရွေးကောက်ပွဲအတွင်း ဝင်ရောက် အရွေးကောက် ခံခြင်းနှင့် မဲပေးခြင်းမပြုခဲ့ကြောင်း သိရပြီး အဆိုပါအချက်နှင့်ပတ်သက်၍လည်း ကေအဲန်ယူ မူတြော် ခရိုင်က ထုတ်ပြန်ချက်တွင် ယခုလို ပြန်လည်း ရှင်းလင်းထားသည်။

၎င်းတို့အနေဖြင့် ကွန်ဂရက်အတွင်း ဝင်ရောက် အရွေးကောက်မခံခြင်းမှာ အဖွဲ့အစည်းအတွင်း အကွဲအပြဲ ဖြစ်ခြင်းကို လိုလားခြင်းမျိုးမဟုတ်သလို အစည်းအရုံး၏ စည်းမျဉ်းဥပဒေနှင့် လုပ်ငန်းစဉ်များအပေါ် ဆန့် ကျင်ခြင်း မျိုးမဟုတ်ကြောင်းနှင့် အနာဂတ်တွင် အဖွဲ့အစည်း၏ ခိုင်မာအားကောင်းသည့် ခေါင်းဆောင် မှုပုံစံနှင့် လူထုများ၏ ယုံကြည်အားကိုး ထောက်ခံမှုအပြင် တစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်မှု ပိုမိုအားကောင်းလာစေရန် အတွက်သာဖြစ်ကြောင်း ရှင်းလင်းဖော်ပြထားသည်။

အလားတူ အဆိုပါ ကိစ္စအပေါ် ကွန်ဂရက်ကာလအတွင်း မဟုတ်သည့် အခြားကာလတွင် မျက်နှာ ချင်းဆိုင် ဖြေရှင်းပေးရန် ကေအဲန်ယူ မူတြော်(ဖာပွန်)ခရိုင်၏ တောင်းဆိုမှုအပေါ် ဗဟိုခေါင်း ဆောင် များက အဖွဲ့အစည်းတွင် ကွန်ဂရက်သည် အမြင့်ဆုံးအာဏာရှိသောကြောင့် ကွန်ဂရက်အတွင်း ဖြေရှင်း သွားမည်ဟု ဆုံးဖြတ်ခဲ့ပြီး ကွန်ဂရက်တွင် ဖြေရှင်းခဲ့သော်လည်း ကေအဲန်ယူ မူတြော်(ဖာပွန်) ခရိုင်အနေ ဖြင့် စိတ်ကျေနပ်မှု မရှိသည့်အပေါ် အချက် ၃ချက်ပါ သဘောထားကို ကွန်ဂရက်တွင် တင်ပြ တောင်းဆိုခဲ့သေးသည်။

သို့သော် အဆိုပါ ရာဇဝတ်မှုများနှင့်ဆက်စပ်သည့် စီးပွားရေး လုပ်ငန်းများနှင့်ပတ်သက်ပြီး အသစ် တက်လာသည့် ကေအဲန်ယူ ဗဟိုခေါင်းဆောင်များက မေလ ၅ ရက်နေ့က သဘောထား ထုတ်ပြန် ချက်တစ်စောင် ထုတ်ပြန်ထားခဲ့ပြီး ၎င်းနာမည်ထွက်သည့် စီးပွားရေး လုပ်ငန်းများနှင့် ကုမ္ပဏီများ၏ ပါဝင်ပတ်သက်မှုများမှာ အဖွဲ့အစည်းနှင့် မသက်ဆိုင်ကြောင်း တရားဝင် ထုတ်ပြန်အသိပေး ထားသေးသည်။

၎င်းအပြင် ရာဇဝတ်မှုနှင့် ပတ်သက်သည့် စီးပွားရေးလုပ်ငန်းများတွင် ကေအဲန်ယူ ခေါင်းဆောင်များ ပါဝင်ပတ်သက်မှုရှိကြောင်း ရေးသားပြောဆိုမှုများအပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း နှင့် အခြေ အနေမှန်ကို သိရှိစေရန် ကေအဲန်ယူဗဟိုအဆင့်မှဘက်မလိုက်သည့် စုံစမ်းစစ်ဆေးဖော်ထုတ်မှုပြုသွား မည်ဖြစ်သလို ကျူးလွန်သူများရှိပါကလည်း အဖွဲ့အစည်း၏ ချမှတ်ထားသည့် စည်းမျဉ်းဥပဒေအတိုင်း လိုအပ်သလို အရေးယူမှု ပြုသွားမည်ဟုလည်း ရေးသားဖော်ပြထားသည်။

အဆိုပါကိစ္စရပ်အပေါ် ကေအဲန်ယူ ဗဟိုခေါင်းဆောင်သစ်များမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး စုံစမ်း စစ်ဆေး မှုများနှင့် ပတ်သက်၍ မေးမြန်းမှုများက လိုအပ်သလို ထုတ်ဖော်ပြောကြား သွားမည်ဖြစ် ကြောင်းလည်း ကေအဲန်ယူဗဟိုက ထုတ်ပြန်ပြောဆိုထားပြီးဖြစ်သော်လည်း စုံစမ်းစစ်ဆေးမှု စတင်ခြင်းရှိမရှိ အသေးစိတ်အချက်အလက်များအပေါ် ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။

မေလ ၄ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် ကေအဲန်ယူ ၏ (၁၇) ကြိမ်မြောက် ကွန်ဂရက်တွင် ဗဟို ခေါင်းဆောင်အသစ်များကို ပြန်လည် ရွေးကောက်တင်မြောက်ခဲ့ကြသလို ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်များနှင့် ဌာနဆိုင်ရာ ခေါင်းဆောင်များကိုလည်း အသီးသီး ပြန်လည်ရွေးချယ် တာဝန်ပေးခြင်းများပြုလုပ်ခဲ့ပြီးဖြစ်သည်။