Home သတင်း လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခံရ၍ တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံးပြီး ၄ ဦးဒဏ်ရာရ

လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခံရ၍ တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံးပြီး ၄ ဦးဒဏ်ရာရ

825

မေလ ၉ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ

KNU -ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် ဝါပသဲကျေးရွာအနီးတွင် မေလ ၇ ရက်နေ့ ညအချိန်တွင် စစ်ကောင်စီ တိုက်ခိုက်ရေးလေယာဉ် လာရောက်ဗုံးကြဲတိုက်ခိုက်သည့်အတွက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးသွားပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သက်ဆိုင်ရာ တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ရေးဒေသရှိ ပြည်သူများ၏ လုံခြုံရေးအတွက် လှုပ်ရှား ဆောင်ရွက် နေရင်း မေလ ၇ ရက်နေ့ ည ၁၁ နာရီဝန်းကျင်အချိန် စစ်ကောင်စီ လေကြောင်းတပ်မှ ပေါင် ၅ဝဝ ဗုံးသီး ၂ လုံးဖြင့် လာရောက်ကြဲချခဲ့ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA တပ်မဟာ ၆ ပူးပေါင်းတပ်ဖွဲ့မှ ထွန်းလင်းအောင်၊ ဇွဲမာန်လင်း၊ မခင်သန္တာဆွေတို့ ထိမှန်ကျဆုံးကာ အခြားရဲဘော် ၄ ဦးလည်း ထိခိုက်ဒဏ်ရာရသွားခဲ့သည်ဟု ယနေ့(မေလ ၉ ရက်နေ့)ကျားဖြူစစ်ကြောင်း၏ ထုတ်ပြန် ချက်အရ သိရသည်။

စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားနေခြင်းမရှိသည့် ဘဲလမုကျေးရွာအုပ်စုအနီးတွင် မေလ ၇ ရက်နေ့ညနှင့် ၈ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်တွင် ကျဆုံးရဲဘော်များအား အသုဘချပြုလုပ်နေစဉ် Mi 35 ရဟတ်ယာဉ်ဖြင့် ထပ်မံ၍ လာရောက်ဗုံးကြဲပစ်ခတ်သည့်အတွက် အရပ်သား နော်သင်းညို၊ နော်စန္ဒာအေးတို့ ထပ်မံ၍ ထိခိုက်ဒဏ်ရာရပြီး နော်မရှင်းနှင့် နော်မုနယ်ဖော်တို့၏ နေအိမ်များလည်း မီးလောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

KNU ဝင်းရေးမြို့နယ် ဘဲလမု၊ ချောင်းနှစ်ခွ၊ တာဖာထော့၊ ဝါပသဲကျေးရွာအနီး စစ်ကောင်စီမှ လာရောက်ဗုံးကြဲ တိုက်ခိုက်သည့်အတွက် ဒေသခံ ၈ဝဝ နီးပါး စစ်ဘေးတိမ်းရှောင်နေကြရပြီး တိုက်ခိုက်ရေးလေယာဉ်များ နေ့ရော ညပါ လာရောက်နေသေးသည့်အတွက် ယနေ့ထိတိုင် ဒေသခံများ နေအိမ်မပြန်နိုင်ကြသေးကြောင်း စစ်ရှောင် ကူညီသူတစ်ဦးထံမှ သိရသည်။