Home သတင်း ညောင်ပင်သာရွာရှိ ကလေးငယ်အပါအဝင် အရပ်သား ၁၈ ဦးကို စစ်ကောင်စီတပ် အစုလိုက် မီးရှို့သတ်ဖြတ်

ညောင်ပင်သာရွာရှိ ကလေးငယ်အပါအဝင် အရပ်သား ၁၈ ဦးကို စစ်ကောင်စီတပ် အစုလိုက် မီးရှို့သတ်ဖြတ်

1270
Photo: CJ

မေလ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ် (ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့ နယ်)ထဲတွင် စစ်ကြောင်းထိုးဝင်လာသည့် စစ်ကောင်စီတပ်က မေလ ၁၀ ရက်နေ့တွင် ညောင်ပင်သာ ကျေးရွာမှဒေသခံများကို ဖမ်းဆီးပြီး အသက်မပြည့်သေးသည့် ကလေးငယ်များအပါအဝင် ၁၈ ဦးကို အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့သည်ဟု ဒေသခံထံမှ သိရသည်။

တပ်အင်အား အင်အား ၁၀၀ ကျော်ရှိ အဆိုပါစစ်ကောင်စီတပ်သည် ထိုဒေသထဲကို ပြီးခဲ့သည့် ၉ ရက် နေ့က စစ်ကြောင်းထိုးတက်လာကာ ၁၀ ရက်နေ့၊ နံနက် ၁၀ နာရီဝန်းကျင်တွင် နယ်မြေခံ KNLA ပူးပေါင်း တပ်နှင့် ပစ်ခတ်မှုဖြစ်ပြီးနောက် ဒေသခံများကို လိုက်လံဖမ်းဆီးကာ ကလေး ၄ဦးနှင့် အမျိုးသမီးများ အပါအဝင် ဒေသခံ ၁၈ ဦးကို ဖမ်းဆီးသတ်ဖြတ်မီးရှို့လိုက်ခြင်းဖြစ်သည်ဟု ဒေသခံ၏ ပြောဆိုချက်အရ သိရသည်။

ကျေးရွာတာဝန်ရှိသူက “တိုက်ပွဲမဖြစ်ခင်သူတို့က ရွာမှာရှိတဲ့သူတွေကို ဖမ်းဆီးထားပြီးသား။ ကျန်တဲ့ သူတွေက သူတို့ကကြံ့ခိုင်းရေးအဖွဲ့ စစ်တပ်ကိုထောက်ခံတဲ့အဖွဲ့ပဲ။ သူတို့ကို အဲလိုလုပ်မယ်လို့ သူတို့မ ထင်လို့ မထွက်ပြေးတာ။ တိုက်ပွဲဖြစ်ပြီးမှ သူတို့ဖမ်းထားတဲ့သူတွေကို မီးရှို့လိုက်တာ။ တစ်ချို့က သတ် တချို့က ပြန်လွတ်တာရှိတယ်။ ပြောရမယ်ဆိုရင် မုဒိမ်းကျင့်ပြီးမှ သတ်တယ်။ ဘာဖြစ်လဲဆိုရင် မိန်းက လေးတွေဆိုရင် မျက်နှာအကုန်ဖုံးပြီးမှသတ်လိုက်တာ ဓာတ်ပုံသက်သေတွေရှိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အသတ်ခံရသည့်အထဲတွင် အသက် ၅ နှစ်ကလေးငယ်မှစ၍ အသက် ၇၀ အထိ လူကြီးများပါဝင်ပြီး ၁၀နှစ် အောက်ကလေးငယ် ၄ ဦး ၊ ၁၀ ကျော်သက်အရွယ် ၂ ဦး၊ အမျိုးသမီး ၈ ဦးနှင့် အမျိုးသား ၄ ဦးတို့ပါဝင်သည်ဟု နယ်မြေခံ တာဝန်ရှိသူများ၏ ပြုစုထားသည့် မှတ်တမ်းအရ သိရသည်။

အဆိုပါ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် ခြေမြန်တပ်ရင်း(ခမရ)-၄၈၊ ခမရ-၅၉၀ နှင့် တပ်မ-၄၄ လက်အောက်ခံတပ်များပါဝင်ကာ အခင်းဖြစ်သည့်နေရာတွင် စစ်ကောင်စီတပ်မှ အရက် ဘီယာသောက်ထားခြင်းရှိသည့်အပြင် ဒေသခံလူနေအိမ် အလုံး ၅၀ ခန့်ကိုလည်း ဝင်ရောက်မွှေ နှောက်ဖျက်ဆီးခြင်းရှိသည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ပြောသည်။

စစ်ကောင်စီတပ်သည် ကမ္ဘာပေါ်တွင် အရက်စက်ဆုံး တပ်တစ်ခုဖြစ်လာပြီဟုပြော၍ရသလို အပြစ်မရှိ သည့် ဒေသခံပြည်သူများကို သတ်ဖြတ်မှုမကြာခဏ လုပ်ဆောင်နေသည်ကိုတွေ့ရှိရပြီး ရက်စက်ယုတ် မာသည့် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တစ်ခုဟုဆို၍ရကြောင်း မြန်မာပြည်အရှေ့တောင်ပိုင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို စောင့်ကြည့်နေသည့် ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)မှ ပြောခွင့်ရသူ စောနန္ဒဆူးက ကေအိုင်စီသို့ ပြောသည်။

၎င်းက“စစ်ကောင်စီဟာ လူ့အခွင့်အရေးကို လေးစားလိုက်နာမှုလုံးဝမရှိတော့တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တယ်။ ဘာမှအပြစ်မရှိတဲ့ လူထုတွေကို ဒီလိုရက်ရက်စက်စက်သတ်ဖြတ်တာဟာ အရမ်းကို စိတ်မကောင်း စရာဖြစ်တယ်။ ကျူးလွန်နေတဲ့သူနဲ့ခေါင်းဆောင်တွေကို မဖြစ်မနေ အရေးယူရမယ့် ကိစ္စတစ်ခုလို့ ပြောလို့ရတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းကစပြီး သူတို့က ပြည်သူလူထုကို ကာကွယ်ရမှာကို မကာကွယ်တော့ ပြန်အကြမ်းဖက်တာတွေ့နေရတယ်” ဟု ပြောသည်။

မေလ ၉ ရက်နေ့ကတည်းက စတင်တက်လာသည့် အဆိုပါ စစ်ကောင်စီတပ်များသည် ဇရပ်ကြီး ဘက်မှ တစ်ဖွဲ့၊ ကော့ပြင်ရွာဘက်မှတစ်ဖွဲ့တက်လာခြင်းဖြစ်သည်ဟု ဒေသခံပြောဆိုချက်အရ သိရပြီး ညောင်ပင် သာကျေးရွာတွင် ဒေသခံများကို မီးရှို့သတ်ဖြတ်ပြီးနောက် လက်ရှိအချိန်တွင် မုန်းမြို့နယ် ရေအိုးစင် ဘက်သို့ ဆက်လက်တက်သွားကာ မုန်းမြို့နယ်ထဲတွင် အင်အား ၃၀၀ ဝန်းကျင်ခန့် စစ်ကောင်စီ တပ်ရောက်ရှိသည်ဟု နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့များ၏ ပြောဆိုချက်အရ သိရသည်။

ယခု အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်မှုဖြစ်စဉ် ဖြစ်ပွားသည့် ညောင်ပင်သာရွာသည် ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၃ နယ်မြေ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း -၈ နယ်မြေထဲတွင် ရှိသည်။