Home သတင်း မြန်မာနိုင်ငံမှ အမျိုးသမီးငယ် ၃ ဦး အိုမန်နိုင်ငံတွင် ရောင်းစားခံထားရ၊ ပြန်လွတ်မြောက်ရန် အကူအညီလိုအပ်နေ

မြန်မာနိုင်ငံမှ အမျိုးသမီးငယ် ၃ ဦး အိုမန်နိုင်ငံတွင် ရောင်းစားခံထားရ၊ ပြန်လွတ်မြောက်ရန် အကူအညီလိုအပ်နေ

1825

မေလ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံမှ အမျိုးသမီးငယ် ၃ဦးသည် အလုပ်ပွဲစားအမျိုးသမီးတစ်ဦး၏ ပို့ဆောင်မှုဖြင့် အိုမန်နိုင်ငံတွင် ရောက်ရှိနေကာ ရောင်းစားခံထားရကြောင်း ၎င်းတို့နှင့် နီးစပ်သူ အမည်မဖော်လိုသည့် အမျိုးသမီးငယ်တစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင်း နေထိုင်သူ မလဲ့လဲ့ဝင်းဆိုသူ အလုပ်သမားပွဲစား၏ ပို့ဆောင်မှုဖြင့် ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေ့က အဆိုပါအမျိုးသမီးငယ် ၃ဦးမှာ အိုမန်နိုင်ငံတွင် ရောက်ရှိနေခဲ့ခြင်းဖြစ်ပြီး စကားပြန်လုပ် ပေးသူ မြန်မာအမျိုးသမီးတစ်ဦး၏ ပြောဆိုမှုအရ အရောင်းစားခံထားရခြင်းဖြစ်ကြောင်း အဆိုပါ နေအိမ်တွင် ရောင်းစားခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသူနှင့် နီးစပ်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းက “ ၄ လပိုင်း ၆ရက်နေ့က အိုမန်နိုင်ငံကိုရောက်တယ်။ သူတို့ရောက်ရောက်ချင်းရောင်းစားခံရတာ ကို အဲ့ဒီအေးဂျင့်ရုံးက စကားပြန်မက ပြောပေးပါတယ် သူတို့ကို။ လဲ့လဲ့ဝင်းဆိုတဲ့ပွဲစားမက ဒီကအေးဂျင့် ကုလားဆီကနေ ငွေတွေ ကြိုထုတ်သွားခဲ့တယ်။ လူဆယ်ယောက်စာ ငွေကြိုထုတ်ပြီး ခုကလေးမ ၃ ယောက်ပဲ ပို့ပေးတော့ ဒီကကုလားကြီးက ဒီကလေးမတွေကိုအလုပ်မရှာပေးဘဲ လဲ့လဲ့ဝင်းဆိုတဲ့ သူ သူ့ငွေပြန်လာမပေးရင်သူတို့ကို ပါကစ္စတန်ကိုရောင်းစားမယ်လို့ ပြောပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အရောင်းစားခံရသူ မြန်မာအမျိုးသမီးငယ် ၃ ဦးအနက် တစ်ဦးမှာ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ စစ်ကိုင်းအုပ်စု၊ ထွန်းဘ-ပျဉ်ဘိုးကျေးရွာတွင် နေထိုင်သည့် နန့်နှင်းအိချိုဆိုသည့် ကရင်အမျိုးသမီး ငယ်တစ်ဦးသာ နာမည်နှင့် ဇာတိနေရာကို သိရှိရပြီး ကျန် ၂ဦးမှာ မည်သည့် ဇာတိ၊ မည်သည့် လူမျိုး ဖြစ်သည်ကို မသိရှိရသေးကြောင်းလည်း အဆိုပါ အမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

ထိုအရောင်းစားခံထားရသူ ၃ ဦးထဲမှ နန့်နှင်းအိချိုမှာ ဂါ့ထီထီဆန်းဆိုသူအမျိုးသမီးကြီး၏ တစ်ဦးတည်း သော သမီးဖြစ်ပြီး အိုမန်နိုင်ငံသို့ ရောက်ရှိရန် ပွဲစားဖြင့် ချိတ်စားပေးသူမှာ ၎င်းတို့နှင့်ဆွေမျိုးတော်စပ်သူ ဦးသာထူးဆိုသူမှ မြန်မာငွေ ၅သိန်းဖြင့် လွဲပြောင်း ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူထံမှ သိရသည်။

သမီးဖြစ်သူ အိုမန်သို့ ရောက်ရှိခါစအချိန်တွင် အဆက်အသွယ်ရရှိသေးကြောင်း နောက်ပိုင်းတွင် ဖုန်းသိမ်းခံလိုက်ရသောကြောင့် အဆက်အသွယ်ပြတ်တောက်ခဲ့ရာမှ သမီးအရောင်းစားခံရသည့် သတင်းကို ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့တွင် ကြားသိခဲ့ရခြင်းဖြစ်ပြီး အဆိုပါ ဖြစ်စဉ်အပေါ် ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားထားကြောင်းနှင့် သမီးနှင့် အဆက်အသွယ် မရသောကြောင့် အလွန်စိုးရိမ်ပူပန် နေကြောင်းလည်း မိခင်ဖြစ်သူက ပြောသည်။

စကားပြန်ဆိုပေးသူ မြန်မာအမျိုးသမီး၏ ပြောဆိုမှုအရ ၎င်းအမျိုးသမီးငယ် ၃ ဦးကို မလဲ့လဲ့ဝင်းဆိုသူမှ တစ်ဦးလျှင် အမေရိကန် ဒေါ်လာတစ်သောင်းစီဖြင့် ရောင်းစားခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါငွေများကို မလဲ့လဲ့ဝင်းဆီမှ ၅ ရက်အတွင်း ပြန်မရလျှင် ပါကစ္စတန်သို့ ဒေါ်လာတစ်သောင်းစီဖြင့် ပြန်လည် ရောင်းစားမည်ဟု ခြိမ်းခြောက်ပြောဆိုထားသည့်အတွက် ၎င်းအမျိုးသမီးငယ်များ လွတ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီပေးကြရန်လည်း ဖော်ပြပါအမျိုးသမီးငယ်က ဖြည့်စွက်ပြောသည်။

၎င်းအပြင် ထိုအမျိုးသမီးများ ရောင်းစားခံထားရသည်ဆိုသည့် သတင်းအချက်အလက်များကို Facebook လူမှုကွန်ရက်စာမျက်နှာတွင် နီးစပ်သူများက ရောင်းစားခံထားရသူများနှင့် အလုပ်ပွဲစားဆိုသူ မလဲ့လဲ့ဝင်း၏ ရုပ်ပုံများကိုပါ ဖြန့်ဝေထားပြီး အဆိုပါ ဖြန့်ဝေထားသည့် သတင်းအချက်အလက်များ အောက်တွင်လည်း မှတ်ချက်မျိုးစုံ ပေးထားသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် လများတွင်လည်း အိုမန်နိုင်ငံတွင် လူကုန်ကူးခံထားရသည့် မြန်မာအမျိုးသမီးတစ်ဦးကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သေးသည်။ လက်ရှိ အိုမန်နိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသည့်မြန်မာအမျိုးသမီးငယ်များစွာရှိနေပြီး လူကုန်ကူးခံရမှုနှင့် အနိုင်ကျင့်စော်ကားခံရမှုများ ရှိနေကြောင်းလည်း အိုမန်ရောက် မြန်မာနိုင်ငံ သားများထံမှ သိရသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း တိုင်ပြည်အတွင်း စီးပွားရေးလုပ်ငန်းများနှင့် ငွေကြေးစနစ်များ ပြိုလဲနေသလို အလုပ်အကိုင်ရှားပါးမှုနှင့် ကုန်စျေးနှုန်းများ မြင့်တက်လာမှုတို့ကြောင့် နိုင်ငံရပ်ခြား ဒေသများကို ထွက်ခွာ အလုပ်လုပ်ကိုင်ကြသူများမှာ ယခုနှစ်များအတွင်းများပြားလာသလိုအကျိုးဆက်အနေဖြင့် လူကုန်ကူးခံရသည့် ဖြစ်စဉ်များလည်း မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိနေသည်။