Home သတင်း ဖားအံ သံလွင်တံတားတွင် ဖြတ်သန်းသွားလာသည့် ပြည်သူများကို ငွေညှစ်တောင်းခံမှုများ ပိုမိုလုပ်ဆောင်လာ

ဖားအံ သံလွင်တံတားတွင် ဖြတ်သန်းသွားလာသည့် ပြည်သူများကို ငွေညှစ်တောင်းခံမှုများ ပိုမိုလုပ်ဆောင်လာ

852

မေလ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့သံလွင်တံတားတွင် လုံခြုံရေး စစ်ဆေးနေသည့် စစ်ကောင်စီတပ်များက ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းမှစ၍ တံတား ဖြတ်သန်းသွားလာသည့် ပြည်သူများထံမှ စစ်ဆေး ငွေညှစ်တောင်းခံမှုများ ပိုမိုလုပ်ဆောင်လာကြောင်း မြို့ခံများက ပြောသည်။

အဆိုပါ သံလွင်တံတားတွင် စစ်ကောင်စီတပ်များက အသွားအလာပြုလုပ်သည့် ယာဉ်များအားလုံးကို ရပ်တန့် စစ်ဆေးပြီး ယာဉ်ပေါ်ပါ ခရီးသွား ပြည်သူများအားလုံးကို ကားပေါ်တွင် ဆင်းခိုင်းပြီး မှတ်ပုံတင်၊ ဖုန်းစသည်တို့ကို စစ်ဆေးမှုများပြုလုပ်နေသလို နိုင်ငံရေး နှင့်ပတ်သက်သည့်သူများနှင့် မသင်္ကာသူများကိုလည်း ဖမ်းဆီးမှုများပြုလုပ်ကာ ငွေညှစ်တောင်းခံမှုများ ပြုလုပ်နေခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးက ယခုလိုပြောသည်။

“အရင်ဆုံးမှတ်ပုံတင်စစ်တယ်။ သူတို့မသင်္ကာရင် လူပါနေခဲ့ရတယ်။ ပြီးရင် ပိုက်ဆံနဲ့ပြန်လာ ရွေးခိုင်းတယ်။ မှတ်ပုံတင်ရော အကုန်ပါနေလည်း သူတို့ရစ်ချင်တဲ့သူဆို ပိုက်ဆံပေးပြီးမှ လွှတ်ပေးတယ်။ အခုက ဘယ်သွားသွားမလွယ်တော့ဘူး။ မှန်လုံကားဆို ခရီးသည်ဖုန်းတွေပါစစ်ပြီး အကုန်ဆင်းခိုင်း တယ်။ အဲ့မှာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အချက်အလက်တွေပါရင် ငွေညှစ် တယ်”ဟု ကေအိုင်စီသို့ပြောသည်။

ထို့နောက် သံလွင်တံတားပေါ်တွင် ဖြတ်သန်းသွားလာသည့် ပြည်သူများကို စစ်ဆေးတင်းကြပ်ရာတွင်လည်း လူငယ်များကို အဓိကထားပြီး စစ်ဆေးနေကြောင်းလည်းအဆိုပါ မြို့ခံက ဆက်ပြောသည်။

၎င်းအပြင် စစ်ကောင်စီတပ်များက ယခုမေလဆန်းပိုင်းကစ၍ လိုင်စင်မဲ့ ဆိုင်ကယ်၊ ကား နှင့် ခွင့်ပြုထား ခြင်းမရှိသော ဘေးတွဲဆိုင်ကယ်စသည့်ယာဉ်များကို စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်လာခြင်းကြောင့် လည်း ဖားအံမြို့တွင်း အသွားအလာနည်းပါးလာသလို သွားလာရေးအတွက်လည်း အခက်အခဲ ဖြစ်လာကြကြောင်း အခြားမြို့ခံတစ်ဦးကလည်း ပြောသည်။

၎င်းက “မြို့ထဲမှာ ဘယ်သူမှအသွားအလာမလုပ်ကြတော့ဘူး။ သူတို့က အချိန်မရွေးထထစစ်နေတယ်။ ဘယ်ပဲသွားသွားအရင်လိုအဆင်မပြေတော့ဘူး။ ပစ္စည်းအစုံပါနေရင်တောင် တစ်ခုမဟုတ်တစ်ခုရစ်တော့ ပိုက်ဆံက အမြဲပေးရတယ်။ ဟိုတစ်ရက်ကတောင် ၂ သောင်းပေးလိုက်ရ တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေ့တွင်လည်း ညအချိန်အပြင်ထွက်သည့် လူငယ်နှစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး မိသားစုများကို တစ်ဦးလျှင် ကျပ်ငွေငါးသိန်းဖြင့်လာရောက် ရွေးထုတ်ခိုင်းသည့် ဖြစ်စဉ် ဖြစ်ပေါ်ခဲသေးကြောင်း ၎င်းမိသားစုဝင်များ နှင့် နီးစပ်သူတစ်ဦးထံမှ သိခဲ့ရသည်။

အလားတူ ယခု မေလ(၉)ရက်နေ့မှစ၍ စစ်ကောင်စီတပ်များနှင့် ရပ်ကွက်လူကြီးများက ဖားအံမြို့အတွင်းရှိ ရပ်ကွက်များတွင် ဧည့်စာရင်းလိုက်လံစစ်ဆေးမှုများ ထပ်မံပြုလုပ်လာကြောင်း ဒေသခံများထံမှ သိရသည်။