Home သတင်း စစ်ကောင်စီတပ်များ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကော့ကရိတ်ဒေသခံ အရပ်သားသေဆုံးထိခိုက်မှုများလာနေ

စစ်ကောင်စီတပ်များ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကော့ကရိတ်ဒေသခံ အရပ်သားသေဆုံးထိခိုက်မှုများလာနေ

680
house damage
photo-Crd

မေလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ဒေသအတွင်း စစ်ကောင်စီတပ်က မြေပြင်တွင်တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲအမြှောက်လက်နက်ကြီး၊ လေယာဥ်ဗုံးကြဲချမှုများလုပ်ဆောင်တိုက်ခိုက်နေသောကြောင့် အရပ် သားဒေသခံများ ထိခိုက်သေဆုံးမှုများလာနေသည်ဟု ကော့ကရိတ်ဒေသစစ်ဘေးရှောင်အကူ အညီပေးနေသူက ပြောသည်။

မေလအတွင်း စစ်တပ်က ကော့ကရိတ်ဒေသတောင်ပိုင်း၊ မြောက်ပိုင်းနှင့် ကျုံဒိုး၊ ကျိုက်ဒုံကျေးရွာများ ဘက်သို့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခြင်းနှင့် လေကြောင်းဖြင့်ဗုံးကြဲချခြင်းတို့ကြောင့် အရပ် သားနေအိမ်နှင့် ဒေသခံများ၊ ကလေးသူငယ်များ သေဆုံးထိခိုက်မှုများရှိနေသည်ဟု ကော့ကရိတ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူက ကေအိုင်စီသို့ ပြောသည်။

ကော့ကရိတ်ဒေသ စစ်ဘေးရှောင်အရေး ကူညီနေသူက “စစ်တပ်က အခုတာဝေးပစ် အလုံးကြီးတွေ ပစ်ထုတ်တာကျပေါက်တော့ အိမ်တွေ၊ ခြံတွေ၊ လူတွေ၊ ကားတွေထိကုန်တယ်၊ ကျိုက်ဒုံမှာ ကလေး သေတယ်၊ ထိတယ်၊ ကျုံဒိုးမှာ မိသားစုတွေ ထိတယ်၊ ကော့ကရိတ်မှာ လင်မယားတစ်စုံ သေတယ်၊ ဒီတစ်ပတ်ထဲမှာ နေတိုင်းအလုံးကြီးကျတာကြောင့် မနေ့ကအထိ ကလေး ၁ ယောက်သေဆုံး၊ လူကြီး ၂ယောက်သေဆုံး၊ ကလေး ၃ယောက် ထိခိုက်၊ လူကြီး ၃ ယောက် ထိခိုက် ဒဏ်ရာရတယ်။ လူနာတွေ ကတော့ တောဘက်က ဆေးအဖွဲ့မှာ ကုပေးနေတယ်” ဟုပြောသည်။

ယခုရက်ပိုင်းအတွင်း စစ်တပ်လေကြောင်းက နေ့စဥ်ကင်းထောက်မှုများလုပ်ဆောင်နေပြီး ညအချိန်တွင် တိုက်လေယာဥ် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ပြီးခဲ့သည့် မေလ ၂၃ ရက်တွင် မြဝတီမြို့တောင်ဘက်ရှိ ဝေါလေဒေသ၊ ပနွယ်ဖိုးကလိုး ကျေးရွာဘုရားကျောင်းနှင့် အဆောက်အဦး ၈ ခု ပျက်စီးခဲ့ကြောင်း သည်ဟု သိရသည်။

ထို့အပြင် မေလ ၂၈ ညတွင် ကော့ကရိတ် ဒေါနတောင်လမ်းဟောင်း တောင်ပတ်လမ်းပေါ်က သုံးထပ်ကွေ့ဝါးစခန်း စေတီကုန်းကို လေယာဥ် ဗုံးကြဲတိုက်ခိုက်ရာတွင် ဘုရားရုပ်တု၊ စေတီနှင့် ဘုန်းကြီးကျောင်းဆောင်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA စစ်ရေး နယ်မြေတာဝန်ရှိသူများ၏ ပြောစကားအရ သိရသည်။

old man died
Photo-Crd

“ဒီရက်ထဲ လေယာဥ်က နေ့တိုင်း ကင်းထောက်တယ်။ ညဆို တိုက်လေယာဥ်လာတယ်။ တစ်နေ့က တောင်ပေါ်လမ်းဟောင်း ဗုံးကြီး ၂ လုံးကျတာ၊ ဒေ့ကျယ်ဘုရားကုန်း (ဝါးစခန်း)က စေတီတွေ၊ ရုပ်ထုတွေ ၊ ဘုန်ကြီးကျောင်းတွေ ပျက်စီးကုန်တယ်၊ လူတော့မထိဘူး။ ဘယ်သူမှလည်း မနေတော့ ပျက်စီး သက်သက်ပဲ။ စစ်တပ်က မြေပြင်ကတော့ လာမတိုက်ကြတော့ဘူး”ဟု ကော့ကရိတ်မြောက်ပိုင်း ဒေသ KNLA ပူးပေါင်းတပ်တာဝန်ရှိသူက ပြောသည်။

လတ်တလော မေလ ၂၀ရက်နောက်ပိုင်း ကော့ကရိတ်၊ ကျုံဒိုး၊ တောင်ကြာအင်း၊ မြဝတီဘက်တွင် KNLA ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းစစ်ကြောင်းများ စစ်ရေးလှုပ်ရှားရာနေရာများကို စစ်တပ်လေ ကြောင်းက ကင်းထောက်မှု ပိုမိုလုပ်ဆောင်လာနေပြီး၊ တာဝေးပစ် 120mm အမြှောက်လက်နက်ကြီး များဖြင့် နေ့စဥ်အလုံးရေ ၃၀ ဆယ်မှ ၅၀အကြား ကျေးရွာများဘက် ပစ်ထုတ်တိုက်ခိုက်နေကြောင်း စစ်ရေးနယ်မြေမှာရှိနေသည့် ဒေသခံများ ပြောဆိုချက်အရ သိရသည်။