Home သတင်း ကျုံဒိုးမြို့ ဂျိုင်းတံတားဂိတ်တွင် ငွေကြေးအဆမတန်ကောက်ခံနေ

ကျုံဒိုးမြို့ ဂျိုင်းတံတားဂိတ်တွင် ငွေကြေးအဆမတန်ကောက်ခံနေ

950
Photo: CJ

မေလ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ ဂျိုင်းတံတားဂိတ်တွင် ဖြတ်သန်းသွားလာသည့်ပြည်သူများထံ ငွေကြေးအဆမတန်ကောက်ခံနေကြောင်း ယာဉ်မောင်းသူများက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ကျုံဒိုးဂျိုင်းတံတားဂိတ်တွင် ကုန်ကားတစ်စီးလျှင် ကျပ် ၅,၀၀၀ မှ ၁၅,၀၀၀အထိ ကောက်ခံသည့်အပြင် ငွေကြေးကောက်ခံသူများကလည်း ရိုင်းစိုင်းစွာ စကားပြောဆို ပြုမူသည့်အတွက် ယာဉ်မောင်းသူများနှင့် မကြာခဏ ပြဿနာဖြစ်ပွားခဲ့သည်ဟု အမည်မဖော်လိုသူ ယာဉ်မောင်းတစ်ဦးက ယခုလိုပြောသည်။

“အရင်က‌ တစ်‌ထောင်နှစ်ထောင်ပေးရင်ရပြီး အခုကမဟုတ်ဘူး။ ၅,၀၀၀ တို့ ၁၅,၀၀၀တို့လာ လုပ်နေတယ်။ သေသွားမှာပေါ့။ အနည်းဆုံးက ၅၀၀၀ ပဲ။ တစ်ဂိတ်လည်း မဟုတ်ဘူး။ နှစ်ဂိတ်တောင်မှအရင်က ဂိတ်ဟောင်းက တစ်ဂိတ်၊ အခုစစ်သားတစ်ဂိတ်လည်း ဂိတ်ဟောင်းနားမှာ ထပ်တိုးလာတယ်။ ပိုက်ဆံ‌ကောက်တဲ့သူက ဒါက ကုန်သွယ်ရေးဇုန်ထက်ပိုကြမ်းသေးတယ်‌၊ သူတို့က ပြောသေးတယ်။ မဟုတ်တော့ဘူး။ သူတို့တွေ တအားလွန်သွားပြီး။ အရင်ကဂျိုင်းမှာ သွားလာတာဘာပြဿနာမှမရှိဘူး။ အခုက ပြဿနာကြီးပဲ။ ခဏခဏစကားများနေရတယ်”ဟု ၎င်းယာဉ်မောင်းက ကေအိုင်စီသို့ ပြောသည်။

ဂျိုင်းတံတားငွေကြေးကောက်ခံရေးဂိတ်သည် မြဝတီကုန်သွယ်ရေးဇုန်၊ တံတားကျိုးဂိတ်တို့ထက် ငွေကြေးပိုမိုကောက်ခံသည့်အတွက် ဖြတ်သန်းသွားလာရာတွင် စိတ်ဆင်းရဲရသည်ဟု ခရီးသည်ပို့ဆောင်သည့် ဒေသခံ ယာဉ်မောင်းတစ်ဦးက ပြောသည်။

၎င်းက “ရဲကတစ်ဂိတ်၊ စစ်သားကတစ်ဂိတ်ပိုက်ဆံ‌ကောက်နေတယ်။ ပိုက် ဆံကောက်တဲ့လူက ယူနီဖောင်းတော့မဝတ်ဘူး။ အရပ်ဝတ်နဲ့ပဲပိုက်ဆံကောက်နေတယ်။ ဂိတ်ကနီးနီးလေးပဲ၊ စိတ်တော်တော်ညစ်တယ်။ အခုဂျိုင်းတံတားက တော်တော်ဆိုးသွားပြီး။ မြဝတီထက်ကုန်သွယ်ရေးဇုန်တို့ ၊ တံတားကျိုးတို့ထက်ဆိုးသွားပြီး”ဟု ပြောသည်။

အလားတူ မြဝတီမြို့အမှတ်(၁) ချစ်ကြည်ရေးတံတားတွင်လည်း ထိုင်းနိုင်ငံ မဲဆောက်ဘက်ခြမ်းသို့ သွားမည့်ခရီးသွားပြည်သူများမှ ကိုဗစ်ကာကွယ်ဆေးလက်မှတ်မရှိသောသူများကို ကာကွယ်ဆေးလက်မှတ်ထုတ်ပေးပြီး မြန်မာငွေကျပ်ငါးသောင်းပေးဆောင်နေရကြောင်း တံတားပေါ် ဖြတ်သွားသူများက ပြောသည်။