Home သတင်း မြဝတီအနောက်မြောက်ဘက် လက်နက်ကြီးပစ်ခတ်ပြီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ကြား တိုက်ပွဲပြင်းထန်

မြဝတီအနောက်မြောက်ဘက် လက်နက်ကြီးပစ်ခတ်ပြီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ကြား တိုက်ပွဲပြင်းထန်

896
Photo: Crd.

မေလ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့ အနောက်မြောက်ဘက် ကျောက်တောင်ဘုရားကုန်းဘက်တွင် မေလ ၁၂ရက်မှ ၁၃ရက်နေ့ အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်များနှင့် လက်နက်ကြီး လှမ်းပစ်ခတ်၍ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းတို့ကြား တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုများရှိနေသည်ဟု စစ်ရေးနယ်မြေသတင်းအရင်းအမြစ်က ပြောသည်။

ထိုသို့ နှစ်ဖက်တိုက်ပွဲ ဖြစ်နေရာတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများပြိုင်တူ ပစ်ခတ် နေခြင်းကြောင့် နယ်ခြားစောင့်တပ်-BGF ထူထောင်ထားသည့် မေတ္တာလင်းမြိုင်ရွာ အနောက်ဘက် တောင်ပေါ် ကျောက်ဂူတောင် နေရာဘက်ကို မေလ ၁၂ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီ တပ်နှင့် နယ်မြေခံ BGF ပူးပေါင်းအဖွဲ့များ စစ်ကြောင်းတက်တိုက်ခိုက်လာရာတွင် KNLA ပူးပေါင်းစစ်ကြောင်းများနှင့် ထိပ်တိုက်တွေ့ဆုံကာ တိုက်ပွဲပြင်းထန်လျက်ရှိသည်ဟု စစ်ရေး သတင်းအရင်း အမြစ်က ယခုလို ပြောသည်။

“ကျောက်ဂူတောင် ဘုရားကုန်းဘက်ကို စစ်တပ်လက်နက်ကြီး ပစ်နေရာ ၃ ခုလောက်နေ ပစ်နေတာ ၂ရက်ရှိပြီ။ မြေပြင်ကလည်း BGF နဲ့ စစ်တပ်က စစ်ကြောင်းတွေ တက်လာတယ်၊ အဲ့တော့ ပစ်ကြ တာအခု ဒီနေ့နေ့ခင်း အထိပဲ။ နှစ်ဖက်စလုံးအကျအဆုံးရှိတယ်။ ၂၇၅ တပ်၊ လေးကေကော် စွယ်တော် အမြှောက်ကုန်း၊ မေတ္တာလင်းမြိုင် BGF ရွာ ဘက်ကနေ လက်နက်ကြီးတွေပစ်တာမှာ ထိုင်းဘက် မဲဆောက်ကနေ အသံကြားနေရတယ်။”ဟု ပြောသည်။

ထိုဒေသတွင် တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား မတ်လ ၂၅ ရက်မှစ၍ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခု မေလ ၁၃ ရက်အထိ တိုက်ပွဲဖြစ်ပွားသည့် ရက် ၂ လ နီးပါး ကြာမြင့်လာနေပြီဖြစ်သည်။ ယခုအချိန်ထိ KNLA ပူးပေါင်းစစ်ကြောင်းများအား လေကြောင်းပစ်ကူ၊ မြေပြင် လက်နက်ကြီးပစ်ကူအပြင် မြေပြင် BGF နှင့် စစ်ကောင်စီတပ်ပူးပေါင်းအဖွဲ့များ စစ်ကြောင်းခွဲ တိုက်ခိုက်နေသော်လည်း စစ်ကောင်စီတပ်ဘက်မှ အကျအဆုံး အများအပြားရှိခဲ့သည်ဟု နီးစပ်သူများက ပြောသည်။

“စစ်တပ်က လေယာဥ်ရော၊ လက်နက်ကြီး တွေရော ပစ်တာ ဗုံးကြဲတာမှာ မြေမြှုပ် မိုင်းတွေလန့်ကွဲတာမျိုး လောက်ပဲရှိတယ်၊ လူအထိအခိုက်သိပ်မရှိဘူး။ စစ်တပ်နဲ့ BGF တွေ စစ်ကြောင်း တက်လာတာမှာတော့ တော်တော်လေးသေတယ်၊ ထိတယ် ကြားတယ်၊ အဲ့မှာ ရက်ဆက်ပြီး လေယာဥ် ဗုံးကြဲ၊ လက်နက်ကြီးတွေ နေ့ရော၊ ညရော ပစ်တာမှာ ကျောက်တောင်တွေ၊ ဝါးရုံတောကြီးတွေ ရှိတော့ ကျည်ကျတာ၊ ဗုံးကျတာ မထိရောက်ဘူး” လို့ စစ်ကောင်စီ တပ်နဲ့ နီးစပ်တဲ့ မြဝတီ မြို့ခံ က ပြောပါတယ်။

လက်ရှိအချိန်တွင် ယခု မေလ ၁၃ရက် ညနေပိုင်းအထိ စစ်ကောင်စီတပ် လက်နက်ကြီးများ ကျောက်တောင်ဂူ ဘုရားကုန်းဘက်ကို နာရီခြားပြီး ပစ်ခတ်မှုများ ဆက်ရှိနေသလို မြေပြင် စစ်ကြောင်းတွေ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများ ဆက်ရှိနေသည်ဟု တိုက်ပွဲ ပစ်ခတ်သံများ ကြားနေရသည့် မြဝတီ မြို့ခံများ၏ ပြောစကား သိရသည်။