Home သတင်း ကော့ကရိတ် စစ်ရှောင်ပြည်သူအကြား ငှက်ဖျားရောဂါအဖြစ်များလာ၊ ဆေးဝါးရရှိရန် ခက်ခဲနေ

ကော့ကရိတ် စစ်ရှောင်ပြည်သူအကြား ငှက်ဖျားရောဂါအဖြစ်များလာ၊ ဆေးဝါးရရှိရန် ခက်ခဲနေ

1612
Photo: Crd.

မေလ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်ဒေသတွင် ယခုရက်ပိုင်းအတွင်း မိုးများဆက်တိုက်ရွာ သွန်းပြီးနောက် စစ်ဘေးရှောင်ပြည်သူများအကြားတွင် ငှက်ဖျားရောဂါ ဖြစ်ပွားမှု များလာပြီး ဆေးဝါးရရှိရန် အခက်အခဲဖြစ်နေသည်ဟု ဒေသခံ ဆေးတာဝန်ရှိ သူများအထံမှ သိရသည်။

အဆိုပါ ငှက်ဖျားရောဂါ ခံစားနေရသည့် စစ်ရှောင်ပြည်သူများအတွက် ဆေးဝါး များ ရရှိရန် လမ်းခရီးလုံခြုံမှုမရှိသောကြောင့် ဆေးဝါးလိုအပ်သလောက်ဝယ်ယူ၍ မရရှိ ကြောင်း ဒေသတွင်း ကျန်းမာရေးတာဝန်ရှိသူ တစ်ဦးက ယခုလို ပြောသည်။

“ဖျားနေတဲ့လူတွေ များလာတယ်။ မိုးအေးလို့ ထင်တာပေါ့၊ သွေးစစ်ကြည့်တော့မှ ငှက်ဖျား ရောဂါဖြစ်နေကြတယ်၊ အခုကျနော်တို့ နေတဲ့နေရာဆို အယောက် ၃၀ ကျော်ရှိပြီ။ တချို့ကျေးရွာတွေမှာလည်း စစ်ဆေးကြည့် တော့ ငှက်ဖျားပိုးတွေ့ တယ်။ အခုလူနာနဲ့ ဆေးနဲ့က မမျှဘူး၊ ဝယ်ဖို့ကလည်းလုံးဝ အဆင်မ ပြေဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ငှက်ဖျားရောဂါဝေဒနာခံစားနေရသည့် စစ်ရှောင်ပြည်သူများကို သက်သာ စေရန်အတွက် မပြည့်စုံသည့်ဆေးဝါးများဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေပြီး ဆေးဝါးအကူအညီများလည်း လိုအပ်ချက်ကြီးမားကြောင်းလည်း ကျန်းမာရေးတာဝန်ရှိသူများက ပြောသည်။

ကော့ကရိတ်ဒေသရှိ တော်လှန်ရေးပူးပေါင်း စစ်ကြောင်းမှ ဆေးမှူးတစ်ဦးကလည်း “ငှက်ဖျားကျတော့လည်း အမျိုးအစားအမျိုးမျိုးရှိတယ်ပေါ့။ သူရဲ့အမျိုးအစား ပေါ်မူ တည်ပြီး ဆေးတိုက်ရတာပေါ့နော်။ အခုအဖြစ်များတာက PV အမျိုးစား အစားပေါ့ နော်။ Primaquine ဆေးက တော်တော်ရှားတယ်။ အခက်လည်းတွေ့နေတယ် ။ ဒီဘက်ခြမ်းဆေးရုံဆေးခန်းတွေအတွက်လည်း အဲဒီဆေး မရတာကို အရမ်းအ ရေးကြီးတဲ့ ပြဿနာတစ်ခုဖြစ်နေတယ်ပေါ့”ဟု ပြောသည်။

ငှက်ဖျား‌ရောဂါပိုးသည် ခြင်ကိုက်ခြင်းမှတဆင့် ကူးစက်နိုင်‌သော ‌ရောဂါပိုး တစ်မျိုး ဖြစ်ကာ တော‌တောင်ထူထပ် သော‌နေရာများနှင့် စိုစွတ်‌သော အပူပိုင်း အရပ်‌ဒေသမှ ပေါက်ဖွားသောခြင်အမျိုးစားတစ်မျိုးဖြစ်သည်ဟု သိရသည်။

ကြာအင်းဆိပ်ကြီးမြိုနယ်ထဲရှိ ကျေးရွာဒေသအချို့တွင်လည်း ပြည်သူထုအကြား အလားတူ ငှက်ဖျားရောဂါ ဖြစ်ပွားမှုတွေ့ရှိလာသည်ဟု ဒေသတွင်း ကျန်းမာ ရေးတာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။