Home သတင်း ကော့ကရိတ်မြို့အဝင်လမ်းကို ဖြတ်တောက်လိုက်သဖြင့် ဒေသခံများ လူမှုဘဝခက်ခဲလာ

ကော့ကရိတ်မြို့အဝင်လမ်းကို ဖြတ်တောက်လိုက်သဖြင့် ဒေသခံများ လူမှုဘဝခက်ခဲလာ

1113
Photo: CJ

မေလ ၁၇ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြိုတောင်ပိုင်းဘက် မြို့ အဝင်လမ်းများကို စစ်ကောင် စီတပ်က ပြီးခဲ့သည့် မေလ ၁၃ရက်နေ့က ဖျက်ဆီးလိုက်ခြင်းကြောင့် လက်ရှိ တွင် ဒေသခံများ ဝင်ထွက်သွားလာရေးခက်ခဲလာပြီး လူမှုဘဝအတွက် ကြပ်တည်း လာသည်ဟု ‌ဒေသခံများက ပြောသည်။

ကော့ကရိတ်တောင်ပိုင်းရှိ မြို့အဝင်လမ်းများကို စစ်ကောင်စီတပ်က ဖျက်ဆီးလိုက် ခြင်းကြောင့် တစ်နိုင်တစ်ပိုင်ဈေးရောင်းဝယ်သူများ၊ ဒေသထွက်သီးနှံ ကုန်ကူးရောင်း ဝယ်သူများ၊ ကျန်းမာရေးကိစ္စများကို သွားလာလိုသူများမှာ လက်ရှိအချိန်တွင် အခက်အခဲအမျိုးမျိုးဖြင့် ကြုံတွေ့ရသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းက ” အခြားလမ်းကနေသွားလည်း ချောင်းရေများလာတော့ ကားတွေ၊ ဆိုင်ကယ်တွေပျက်တာအများကြီးပဲ။ ရေတွေထပ်များလာရင် ဘယ်လိုမှ သွားလာလို့ မရတော့ဘူး။ ဘယ်လိုလုပ်ရမလဲမသိဘူး။ နေမကောင်းဖြစ်လာရင်လည်း မြို့ထဲကို ဆေးခန်းသွားပြဖို့မလွယ်တော့ဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ ကော့ကရိတ် -မြဝတီ အာရှလမ်းဘေးနားရှိ ကော့နွဲကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များသည် ဝင်ထွက်သွားလာကြသော ဒေသခံရွာ သားများအပေါ် အကြောင်းရှာ စစ်ဆေးမေးမြန်းမှုများ ပိုမိုလုပ်ဆောင်လာသည်ဟု ဒေသခံများက ပြောသည်။

“ကော့နွဲက စစ်ကောင်စီတွေက သွားလာတဲ့သူတွေကို အရမ်းစစ်ဆေး မေးမြန်း တယ်။ ကော်သူးလေတွေ့လား၊ ဘယ်မှာရှိတာလဲ၊ ကော်သူးလေအတွက် ပစ္စည်းလာဝယ်ပေးတာလား၊ အမျိုးမျိုးမေးတယ်။‌ အဲ့လိုအမျိုးမျိုး‌ မေးတော့ သွား လာရတာမပျော်ဘူး” ဟု ‌‌မေးမြန်းခံရသူတစ်ဦးက ပြောသည်။

‌ပြီးခဲ့သည့် မေလ ၁၃ရက်နေ့တွင် ကော့ကရိတ်မြို့အဝင်လမ်းဖြစ်သည့် ကျိုက်ဒုံ လမ်း၊ ကမိုင်ကုန်းလမ်း၊ ဘုန်းကြီးလမ်း(မြေနီလမ်း)များကို စစ်ကောင်စီတပ်က ဘူဒိုဇာမြေတူးစက်ဖြင့် လာရောက်ဖျက်ဆီးပြီးနောက် မေလ ၁၄ ရက်နေ့တွင် တောင်ကြာအင်းလမ်းကို ထပ်မံဖျက်ဆီးမှုလုပ်ဆောင်ခဲ့သည်။

ကော့ကရိတ်မြို့ အဝင်လမ်းများအားလုံးကို စစ်ကောင်စီတပ်က ဖျက်ဆီးလိုက် သည့်အတွက် မိုးရာသီကာလတွင် လုံးဝသွားလာ၍မရတော့သဖြင့် သွားလာလုပ် ကိုင် စားသောက်ရန် ပိုမိုခက်ခဲလာမည်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။