မေလ ၁၈ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ ပလမြို့နှင့် ပလောက်မြို့တို့တွင် ဓာတ်ဆီဗူးဖြင့် အပိုဝယ်ယူ သယ်ဆောင်ခွင့်ကို စစ်ကောင်စီက ပြန်လည်ကန့်သတ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။
ပလမြို့နှင့်ပလောက်မြို့တို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းလောက်တွင် ကား၊ ဆိုင်ကယ်၊ ထော် လာဂျီနှင့်ယာဉ်အမျိုးမျိုးတို့ကို ဓာတ်ဆီအပိုသယ်ဆောင်ခွင့်စတင်ကန့်သတ်ခဲ့ပြီးနောက်ပိုင်းတွင် စစ် ကောင်စီမှ ပြန်လည်ပြေလျှော့ပေးသော်လည်း ယခုမေလ ၁၄ ရက်နေ့မှ စတင်ကာ ဓာတ်ဆီအပိုဝယ်ယူ သယ်ဆောင်ခွင့်မပြုတော့ဘဲ ဆီဆိုင်တွင်သာ သွားရောက်ဖြည့်ယူနေရကြောင်း ဒေသခံများက ပြော သည်။
ဒေသခံတစ်ဦးက “ဓာတ်ဆီက ဆိုင်မှာလောက်ပဲ ထည့်လို့ရတော့တယ်။ ရေသန့်ဗူးနဲ့ တောင်သယ်လို့မ ရတော့ဘူး။ ဂိတ်တွေမှာလည်း ဓာတ်ဆီဗူးကိုပဲ အဓိက စစ်တယ်။ သူတို့တွေက PDFကို ဓာတ်ဆီမရစေချင်တာကြောင့်ဖြစ်မယ်။ အခုရက်ပိုင်းမှ အခုလိုပြန်လုပ်လာတာ ဓာတ်ဆီပေး မသယ်တာကလေ။” ဟု ကေအိုင်စီ သို့ပြောသည်။
ထို့အပြင် ဓာတ်ဆီဆိုင်ပိုင်ရှင်များကိုလည်း စစ်ကောင်စီမှ ခေါ်ယူတွေ့ဆုံ၍ ဓာတ်ဆီကို အချိန်အကန့် အသတ်ဖြင့်သာ ရောင်းချရန်၊ ဓာတ်ဆီအပိုရောင်းချပါက ထောင်ချခြင်းနှင့်အသက်အန္တရာယ်ပါ ပြုလုပ် မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ဆီဆိုင်ပိုင်ရှင်များက ဆိုသည်။
“စစ်တပ်က ဆီဆိုင်ပိုင်ရှင်အကုန်လုံးကိုအစည်းအဝေးခေါ်တယ်။ ပြီးတော့ ဓာတ်ဆီကို အချိန်အကန့် အသတ်နဲ့ရောင်းရမယ်။ အကယ်၍သူတို့ပြောတဲ့အတိုင်း မရောင်းဘူးဆိုလို့ရှိရင် ထောင်ချမယ်၊ ဆီဆိုင် ပိတ်မယ်။ ပြီးတော့အသက်အန္တရာယ်ပါ လုပ်မယ်ဆိုပြီးတော့ပြော တယ်။ အဲ့ဒါကြောင့် သူတို့ ကရောင်းဆိုရောင်း၊ မရောင်းဆိုရင်မရောင်းရဘူး။” ဟု အမည်မဖော်လိုသူဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ပုလောမြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီ တပ်နှင့် ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များကြား မကြာခဏဆိုသလို ထိတွေ့ တိုက်ပွဲများ ဖြစ်ပေါ်လေ့ရှိနေပြီး အာဏာသိမ်းစစ်ကောင်စီဘက်က ဖြတ်လေးဖြတ်ပုံစံ ဖြတ်တောက်မှုများ ဆက်တိုက်လုပ်ဆောင်လာနေကြောင်းလည်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များဘက်က ပြောသည်။
အဆိုပါ ပလမြို့နှင့်ပလောက်မြို့တို့တွင် ဓာတ်ဆီသယ်ဆောင်ခွင့်ကို ကန့်သတ်ထားသော်လည်း ပုလောမြို့ပေါ်ရှိ ရပ်ကွက်များတွင် စစ်ကောင်စီက ဓာတ်ဆီသယ်ဆောင်ခွင့်ကို အပြည့်အဝခွင့်ပြု ထားကြောင်း ဒေသခံများက ပြောဆိုသည်။



















