Home သတင်း KNU ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး ၃ ဦးနှင့် ဗဟိုတရားသူကြီးချုပ်တို့ကို ရွေးကောက်တင်မြောက်မှုပြီးစီး

KNU ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး ၃ ဦးနှင့် ဗဟိုတရားသူကြီးချုပ်တို့ကို ရွေးကောက်တင်မြောက်မှုပြီးစီး

1480

မေလ ၃ ရက်။ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ (၁၇) ကြိမ်မြောက် ဗဟိုကွန်ဂရက်၏ ရွေးကောက်ပွဲမှ ကြီး (၅) ကြီးရွေးချယ်မှုတွင် ယမန်နေ့ မေလ ၂ရက်နေ့က ပဒိုစောကွယ်ထူးဝင်းဥက္ကဋ္ဌ ဖြစ်လာပြီးနောက် ကျန်ကြီး (၄)ဖြစ်သော ဒုဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး ၃ ဦးနှင့် ဗဟိုတရားသူကြီးချုပ်တို့ကို ယနေ့ ဆက်လက်ရွေးကောက်တင်မြောက်မှု ပြီးစီးခဲ့ပြီဖြစ်သည်။

လျှို့ဝှက်မဲစနစ်ဖြင့် ရွေးကောက်ရာတွင် ပဒိုစောဆဲဂေဒုဥက္ကဋ္ဌဖြစ်လာပြီး အထွေထွေ အတွင်းရေးမှူး ချုပ်အနေဖြင့် ပဒိုစောတာဒိုမူးက မူလတာဝန်အတိုင်း ပြန်လည်ရရှိကာ တွဲဖက်အထွေထွေအတွင်းရေး မှူး(၁)အဖြစ် ပဒိုစောသောသီ နှင့် တွဲဖက်အတွင်းရေးမှူး(၂)အဖြစ် ပဒိုစောလှထွန်းအား ယခင်မူလ တာဝန်နေရာကို ရွေးကောက်တင်မြောက်ခဲ့သည်။ ထို့အတူ ဗဟိုတရားကြီးချုပ်အဖြစ် ပဒိုနော်မြိုင်ဖိုးကိုလည်း မူလတာဝန်နေရာကို ပြန်လည်ရွေးကောက်တင်မြောက်ခဲ့ကြောင်း ကေအဲန်ယူ တာဝန်ရှိသူတစ်ဦး၏ အတည်ပြုပြောဆိုမှုအရ သိရသည်။

ကွန်ဂရက်ကိုယ်စားလှယ် ၁၃၉ ဦး၏ မဲပေးရွေးချယ်မှုအရ ဒုဥက္ကဋ္ဌသစ် ပဒိုစောဆဲဂေသည် မဲအရေ အတွက် (၈၀) ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး အထွေထွေအတွင်းရေးမှူးချုပ်တာဝန် ထပ်မံရရှိ သွားသည့် ပဒိုစောတာဒိုမူးအနေဖြင့် (၉၆)မဲ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ပဒိုစောသောသီ မှ (၉၁) မဲနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ပဒိုစောလှထွန်းအနေဖြင့် (၁၀၉) မဲ၊ ဗဟိုတရားသူကြီးချုပ် ပဒိုနော်မြိုင်ဖိုးက (၁၁၀) မဲစသည်ဖြင့် အသီးသီး အနိုင်ရရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

(၁၇) ကြိမ်မြောက် ကေအဲန်ယူကွန်ဂရက်ကို ပြီးခဲ့သည့် ဧပြီလ ၂၄ရက်နေ့မှစ၍ ကေအဲန်ယူ ထိန်းချုပ် နယ်မြေ တစ်နေရာတွင် ကျင်းပခဲ့ပြီး ခရိုင်၊ တပ်မဟာ (၇)ခုမှ ကိုယ်စားလှယ် ၂၀၀ နီးပါး ပါဝင်တက် ရောက်ခဲ့ကြသည်။ တက်ရောက်လာသော ကိုယ်စားလှယ်ထဲမှ ၅၆ ဦး ဝင်ရောက်အရွေးကောက်ခံ ခဲ့ပြီးနောက် ခေါင်းဆောင်အသစ်များကို လျှို့ဝှက် မဲပေးစနစ်ဖြင့် ပြန်လည် ရွေးကောက်တင်မြောက်ခဲ့ကြခြင်းဖြစ်ပြီး ထူးခြားသည့် ခေါင်းဆောင်အပြောင်းအလဲမရှိခဲ့ကြောင်းလည်း သုံးသပ် ပြောဆိုမှုများရှိသည်။

ကွန်ဂရက်တွင် ကေအဲန်ယူ၏ ကြီး ၅ ကြီးခေါင်းဆောင်များကို မရွေးချယ်မီ အရံဗဟိုအမြဲ တမ်း ကော်မတီ (၄၅)ဦးကို ကနဦးရွေးချယ်ခဲ့ပြီးနောက် ဗဟိုအမြဲတမ်းကော်မတီ (၄၅)ကို ဆက်လက် အတည်ပြု ရွေးကောက်ခဲ့သည်။ ထို့နောက် ကြီး (၅)ကြီးဟုခေါ်သော ထိပ်ပိုင်းခေါင်းဆောင် ၅ ဦးကို လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးကောက်တင်မြောက်ကြပြီး ကျန်ရှိသည့် အလုပ်အမှုဆောင် ကော်မတီ ဝင်များနှင့် ဌာနဆိုင်ရာ ခေါင်းဆောင်များကို အသီးသီးပြန်လည် ရွေးချယ်တာဝန်ပေးအပ်သွားမည် ဖြစ်သည်။

ယခုပြုလုပ်သည့် ကေအဲန်ယူဗဟို၏ ကွန်ဂရက်ကို ခရိုင်၊ တပ်မဟာ(၇)ခုစလုံးက ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး တောင်ငူခရိုင်၊ တပ်မဟာ (၂) နှင့် မူတြော်ခရိုင်၊ တပ်မဟာ (၅) မှ ကိုယ်စား လှယ်များက ပါဝင်တက်ရောက်ဆွေးနွေးမှုပြုခဲ့ကြသော်လည်း ခေါင်းဆောင်သစ်များကို ပြန်လည်း ရွေးကောက်တင်မြောက်ရာတွင် ဝင်ရောက်မဲပေးခြင်းနှင့် ရွေးကောက်ခံခြင်း မပြုကြပေ။ ကေအဲန်ယူ တပ်မဟာ (၅) ဘက်မှလည်း ကွန်ဂရက်နှင့်ပတ်သက်ပြီး အကြံပြု တောင်းဆိုစာ တစ်စောင် ကွန်ဂရက်သို့ တင်ပြဆွေးနွေးခဲ့သေးသည်ဟု ကေအဲန်ယူ သတင်းအရင်းအမြစ်များ ထံမှ သိရသည်။

ထိုသို့ ခရိုင်၊ တပ်မဟာ (၇) ခုရှိသည့်အနက် ခရိုင်တပ်မဟာ (၂) ခုမှ ကိုယ်စားလှယ်များ ဝင်အရွေး ခံခြင်းနှင့် မဲပေးခြင်း မပြုကြသော်လည်း ကျန်ရှိသည့် ခရိုင်ကိုယ်စားလှယ်များအားလုံး ပါဝင်တက်ရောက် သောကြောင့် ကေအဲန်ယူ ၏ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲတက်ရောက်သူ (၇၅) ရာခိုင်နှုန်းပြည့် သည့်အတွက် ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့တွင် ကနဦး အရံ ဗဟိုအမြဲတမ်းကော်မတီကို ရွေးချယ်ရန် မဲပေး ရွေးချယ်မှုများ ပြုလုပ်ခဲ့ရာ အွန်လိုင်းဝင်ရောက်နှောင့်ယှက်မှုများ ဖြစ်ပေါ်ခဲ့သောကြောင့် ရွေးကောက်ပွဲ အထမမြောက်ခဲ့ဘဲ မေလ ၁ ရက်နေ့မှစ၍ မဲပေးရွေးချယ်မှုကို ပြန်လည် စတင်ခဲ့ရပြီး ရွေးကောက်တင်မြောက်မှုကို ဆက်လက်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကေအဲန်ယူကွန်ဂရက်ကို ကေအဲန်ယူ ထိန်းချုပ်နယ်မြေတစ်နေရာတွင် ကျင်းပကာ ကိုယ်စား လှယ် တစ်ရာကျော်ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြသည်။

လက်ရှိ ကေအဲန်ယူ ဥက္ကဋ္ဌ တာဝန်ယူထားသည့် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးသည်လည်း ယခုကျင်းပသည့် (၁၇) ကြိမ်မြောက်ကွန်ဂရက်တွင် ပါဝင်ရွေးကောက်ခံ ခြင်းမရှိတော့သလို ယခု ကွန်ဂရက်တွင် အစည်းအရုံး၏ အမြင့်ဆုံးရာထူး ဥက္ကဋ္ဌနှင့် ခရိုင် ဥက္ကဋ္ဌရာထူး သက်တမ်းများကို နှစ်ကြိမ်သာ ထမ်းဆောင်ခွင့်ရမည်ဖြစ်ကြောင်း အတည်ပြုဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

ယခင် (၁၆) ကြိမ်မြောက် ကေအဲန်ယူကွန်ဂရက်ကို ပြီးခဲ့သည့် ၂၀၁၇ခုနှစ်၊ ဧပြီလတွင်ကျင်းပခဲ့ပြီး ကေအဲန်ယူ၏ ဖွဲ့စည်းပုံအရ ဗဟို၊ ခရိုင်နှင့် မြို့နယ်အဆင့် ကွန်ဂရက်ကို (၄) နှစ်တစ်ကြိမ် ကျင်းပရ မည်ဖြစ်သော်လည်း ကိုဗစ်ကမ္ဘာ့ကပ် ရောဂါအခြေအနေကြောင့်နှင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် စစ်အာဏာသိမ်းမှု ဖြစ်စဉ် နောက်ဆက်တွဲ ပဋိပက္ခများကြောင့် ကွန်ဂရက်ကို (၂)နှစ်ခန့် ရွှေ့ဆိုင်းလိုက်ရပြီး ၆ နှစ်ကြာမှ ယခုလို ပြန်လည်ကျင်းပနိုင်ခြင်းလည်းဖြစ်သည်။