Home သတင်း ဖားအံမြို့ခံ ပြည်သူများ လျှပ်စစ်မီးဖြန့်ဝေမှု အချိန်သတ်မှတ်ချက်အတိုင်း ပုံမှန်မရရှိ

ဖားအံမြို့ခံ ပြည်သူများ လျှပ်စစ်မီးဖြန့်ဝေမှု အချိန်သတ်မှတ်ချက်အတိုင်း ပုံမှန်မရရှိ

755

မေလ ၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ယခုမေလမှစ၍ လျှပ်စစ်မီးကို အကန့်သတ်ဖြင့် စတင် ဖြန့်ဝေပေးသွားမည်ဟု ကြေညာထားသော်လည် လျှပ်စစ်မီးပုံမှန် မရရှိသောကြောင့် မြို့တွင်းနေထိုင်သူများအနေဖြင့် အခက်ကြုံနေကြရကြောင်း မြို့ခံများက ပြောသည်။

ဖားအံမြို့တွင် မေလ ၁ ရက်နေ့မှ စတင်ပြီး လျှပ်စစ်မီးကို အလှည့်ကျစနစ်ဖြင့် ၂ နာရီ မီး ပေးကာ ၄ နာရီ မီးပိတ်သည့် ပုံစံမျိုးဖြင့် နံနက် ၆ နာရီမှ ည ၁၂ နာရီအထိ အုပ်စု (၃) စုခွဲ၍ ပေးသွားမည်ဟု ကြေညာထားသော်လည်း သတ်မှတ်ထားသည့်အချိန်အတွင်း မီးပုံမှန်မလာကြောင်း မြို့ခံတစ်ဦးက ပြောသည်။

၎င်းက “အရင်ကလည်း ပုံမှန်မရပါဘူး။ အခုဆိုပိုဆိုးတယ် အလှည့်နဲ့ဖြစ်သွားလို့။ အဲ့လို အလှည့်နဲ့ ဖြစ်သွားလည်း ကိုယ့်အလှည့်ရောက်ရင်လည်း မီးမလာတဲ့ရက် တောင်ရှိ သေးတယ်။ ဘာထူးလဲ မီးက မပေးနဲ့တော့ပေါ့။ ပူက လည်းပူနဲ့။ အိမ်သာတက် ရင်တောင် မီးမလာလို့ ရေမတင်ရဘူး။ အခြေအနေကအဲ့လောက်ထိ ဖြစ်နေပြီး။ မီတာ ခကျတော့ တစ်လတစ်ခါပုံမှန်ပေးနေရတယ်။ တစ်လ တစ်လကို သောင်းကျော်တယ် ။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် မီးကိုအုပ်စုသုံးစုခွဲ၍ အလှည့်ကျစနစ်ဖြင့် ပေးရာတွင် နေ့အချိန်တွင် မီးမရရှိသည့် ပြဿနာကြောင့် လျှပ်စစ်မီးကို အဓိကမှီခိုအားထားပြီး လုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် မီးစက်များကိုသာ ပြောင်းလဲအသုံးပြုနေရကြောင်း၊ ဓာတ်ဆီ ဈေးစရိတ်နှင့် ဝင်ငွေစရိတ်မမျှသည့် အနေအထားနှင့် ကြုံတွေ့နေရပြီး ရေရှည် ရပ်တည်ရန် မလွယ်ကူနိုင်ကြောင်း ကားဝရိန်ဆော်လုပ်ငန်း လုပ်ကိုင်သူ လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

၎င်းက “ဒီကားရုံမှာ ဝရိန်ဆော်တာတို့ ဆေးမှုတ်တာတို့က မီးရှိမှအဆင်ပြေတာ။ အခုက မီးစက်ကိုပဲ အားကိုးနေရတဲ့အတွက် မီးစက်က မနိုင်ဘူး။ ဓာတ်ဆီဖိုးနဲ့တင် မတတ်နိုင် ဘူး။ ဒါတောင်တစ်လတစ်လကို မီတာခ သိန်းဂဏန်းနဲ့ ပေးနေရတာ။ EPCက မီလာရင်လည်း ညဘက် ၁၂ကျော်မှလာတယ်။ အလုပ်လုပ်တဲ့ အချိန်ကျတော့ မီးမလာဘူး။ အဲ့လိုလေးတွေတော့ခက်ခဲတာပေါ့။” ဟု ကေအိုင်စီ သို့ ပြောသည်။

ထိုသို့ မြို့ခံလူထုများအနေဖြင့် လျှပ်စစ်မီးကို ပုံမှန်မရရှိကြသော်လည်း ဖားအံမြို့တွင်းရှိ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာရုံးများနှင့် ၎င်းအနီး ပတ်ဝန်းကျင်တွင် နေထိုင်သူများ အနေဖြင့် လျှပ်စစ်မီးများကို ၂၄နာရီပုံမှန်ရရှိနေကြကြောင်း မြို့ခံများက ပြောသည်။

အလားတူ စစ်အာဏာမသိမ်းခင် ကာလများတွင် ဖားအံနှင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ လျှပ်စစ်မီးရရှိသော ကျေးရွာများတွင် မီတာခကျပ်ငွေထောင်ဂဏန်းသာ ကျသင့်သော နေအိမ်များသည် လက်ရှိတွင် မီတာခကို ကျပ်ငွေ သောင်းဂဏန်းအထိ ပေးဆောင် နေရပြီး လျှပ်စစ်မီးများလည်း ပုံမှန်မရရှိကြကြောင်း ဒေသခံများက ဆိုသည်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လျှပ်စစ်မီး ဖြန့်ဝေမှုကို အချိန်ကန့်သတ်ဖြင့် အလှည့်ကျ ဖြန့်ဝေပေးနေရပြီး လျှပ်စစ်မီး ပုံမှန်မရရှိကြခြင်းနှင့် မီတာခကို အဆမတန်တိုးကောက်လာသည့် အပေါ် ဝေဖန်မှုများလည်း မြင့်တက်လျက်ရှိသည်။