Home သတင်း ထန်းတပင်တွင် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦးအပါအဝင် အရပ်သား ၃ ဦးသေဆုံးခဲ့

ထန်းတပင်တွင် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦးအပါအဝင် အရပ်သား ၃ ဦးသေဆုံးခဲ့

1019
Photo: Crd.

မေလ ၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ဘုမ္မတီး၊ သရက်တန်းနှင့် ကျွဲလမ်း ကျေးရွာတို့အား ယမန်နေ့ မေလ(၂)ရက်နေ့ညနေက စစ်ကောင်စီ၏ တောင်ငူ လေတပ်စခန်းမှ တိုက်လေယာဥ်နှစ်စင်းဖြင့် လာရောက်ပစ်ခတ်ခဲ့မှုကြောင့် အမျိုးသမီး ၂ ဦးအပါအဝင် ဒေသခံ(၃) ဦးသေဆုံးခဲ့ကြောင်း မြေပြင်သတင်းအရင်းအမြစ်များမှ သိရသည်။

လေကြောင်းတိုက်ခိုက်မှုအတွင်း ကျွဲလမ်းကျေးရွာနှင့်ဘုမ္မတီးကျေးရွာနေ အသက် (၂၂) နှစ်နှင့် (၃၀) နှစ်အရွယ်အမျိုးသမီး ၂ ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူ(၅)ဦးခန့်ရှိကြောင်း၊ နေအိမ်ထိခိုက် ပျက်စီးမှုများရှိသလို လတ်တလောတွင် အဆိုပါကျေးရွာများမှ ဒေသခံများ ဘေးလွတ် ရာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ဆိုသည်။

ဒေသခံများနှင့်နီးစပ်သူတစ်ဦးက “တိုက်ပွဲမဖြစ်ဘူး၊ မနေ့ကနေ့လည်ပိုင်းက ဘုမ္မတီးရွာမှာ ကေအဲန်ယူက အစည်းအဝေးလုပ်နေတာရှိတယ်။ ပြီးတော့ ရွာထဲကို PDF သုံးလေး ယောက်လောက် ဝင်လာတာလည်းရှိတယ်။ အဲဒါကို စစ်ကောင်စီ သတင်းပေးတွေက သတင်းပေးလိုက်လို့နဲ့တူတယ်။ ညနေပိုင်းမှာ လေယာဥ်နှစ်စင်းနဲ့လာကျဲတာ (၃) ယောက်ထိပြီး သေသွားတယ်။” ဟု ယနေ့ ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်သည် ကျေးရွာများအတွင်းသို့ ပစ်မှတ်ထား၍ တိုက်လေယာဥ် နှစ်စင်းဖြင့် ဗုံး(၇)လုံးကျဲချတိုက်ခိုက်ခဲ့ရုံသာမက စက်သေနတ်များဖြင့်ပါ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများနှင့်နီးစပ်သူတစ်ဦးကလည်း ပြောသည်။

ထို့အပြင် အသက်ဘေးမှထွက်ပြေးတိမ်းရှောင်လာသော ဒေသခံများအား အဆိုပါဖြစ်စဥ်အား သတင်း မပေါက်ကြားစေရန် စစ်ကောင်စီက တားမြစ်ခြိမ်း ခြောက်ထားကြောင်း စစ်ဘေးရှောင်များ နှင့်နီးစပ်သူတစ်ဦးက ယခုလို ပြောသည်။

“တောင်ငူဘက်ပြောင်းပြေးလာတဲ့သူတွေကိုလည်း ရွာအခြေအနေကိုပြန်မပြောဖို့ စစ်တပ်က တား ထားတယ်။ ရွာခံတွေက ပစ်ခံရတဲ့အခြေအနေကို မပြောရဲကြဘူး။” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဧပြီလနောက်ဆုံးအပတ်ကလည်း ဇရပ်ကြီးအခြေစိုက် စစ်ကောင်စီ တပ်စခန်းမှ ဘုမ္မတီးကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်ခဲ့သဖြင့် သက်လတ်ပိုင်း အရွယ်အမျိုးသားတစ်ဦး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သေးကြောင်း မြေပြင် သတင်းအရင်းအမြစ်များမှ သိရသည်။

စစ်ကောင်စီသည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေများတွင် ၂၀၂၃ခုနှစ်နှစ်စပိုင်းမှစ၍ လေကြောင်းတိုးမြှင့်မှုများ ပိုမိုတိုးမြှင့်လုပ်ဆောင် လာနေသလို ယခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ မတ်လ(၃၁)ရက်နေ့ သုံးလတာကာလအတွင်း ကေအဲန်ယူနယ်မြေ အရပ်သားပြည်သူပိုင်နေရာများတွင် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှု (၁၁၆)ကြိမ်ခန့် လုပ်ဆောင်ခဲ့ကြောင်း ကေအဲန်ယူ-သတင်းနှင့်ပြန်ကြားရေး(ဗဟို)၏ မှတ်တမ်းတင်ပြုစုထားချက်အရ သိရသည်။