မေလ၊ ၁ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်သည့်နယ်မြေထဲတွင် စစ်ကောင်စီတပ်ဘက်မှ စစ်ရာဇဝတ် ကျူးလွန်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ယခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း အရပ်သား ပြည်သူလူထု (၅၅)ဦးသေဆုံးရပြီး (၆၃၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ-သတင်းနှင့်ပြန်ကြားရေး ဗဟို၏ ထုတ်ပြန်သည့် အစီရင်ခံစာအရသိရသည်။
စစ်ကောင်စီ၏ လေကြောင်တိုက်ခိုက်မှု၊ ကျေးရွာအတွင်း ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်မှု၊ လက်နက် ငယ်ရမ်းသမ်းပစ်ခတ်မှု၊ လူသွားလာသည့် လမ်းပေါ်တွင် မြေမြုပ်မိုင်းများ ထောင်ခြင်း၊ ဖမ်းဆီး သတ်ဖြတ်မှု နှင့် လူနေအိမ်များမီးရှို့ မှုစသည့် စစ်ရာဇဝတ်မှုမြောက်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့်ယခုလို အရပ်သား သေဆုံးမှုများဖြစ်ပေါ်ရခြင်း ဖြစ်သည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်သည့်အစီရင်ခံစာတွင် ဖော်ပြထား ခြင်းဖြစ်သည်။
ထို့အပြင် (၃)လတာ ကာလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု(၁၁၆)ကြိမ်ရှိခဲ့ကာ လေကြောင်း တိုက်ခိုက်ခံရသည့် ခရိုင်(၆)ခုထဲတွင် ဒူးပလာခရိုင်သည် အများဆုံးတိုက်ခိုက်ခံရပြီး တိုက်ခိုက်ခံရ သည့် အကြိမ်ရေ (၇၁)ကြိမ်ရှိကာ ဖာပွန်( မူတြော်ခရိုင်)တွင် (၃၄)ကြိမ်၊ညောင်လေးပင်ခရိုင်တွင် (၇)ကြိမ်၊ ဘိတ် ထားဝယ်ခရိုင်တွင် (၂)ကြိမ်၊ တောင်ငူခရိုင်တွင်(၁)ကြိမ်နှင့် သထုံခရိုင်တွင် (၁) ကြိမ်ပစ်ခတ်ခဲ့သည်ဟု သိရသည်။
အဆိုပါ စစ်ကောင်စီ၏ လေကြောင်းထိုးစစ်များကြောင့် ညောင်လေးပင်ခရိုင်၊ မူတြော်ခရိုင်နှင့် ဒူးပလာယာ ခရိုင်အစရှိသည့် နယ်မြေများတွင် နေထိုင်သည့်ပြည်သူလူထုများသည် ပြင်းထန်စွာ ခံစားရ ကြောင်းလည်း ကေအဲန်ယူဘက်မှဆိုသည်။
လေကြောင်းတိုက်ခိုက်မှုအပြင် မြေပြင်လက်နက်ကြီးပစ်ခတ်မှု (၄၃၈) ကြိမ်ရှိခဲ့ပြီး အဆိုပါ ပစ်ခတ်မှုနှင့် လူနေ အိမ်မီးရှို့မှုများကြောင့် အပြစ်မဲ့ အရပ်သားနေအိမ်စုစုပေါင်း (၆၂၉)လုံးအထိ ပျက်ဆီးသွားခဲ့ရကြောင်းလည်း ထုတ်ပြန်ချက်ပါ စာရင်းများအရသိရသည်။
ထို့အပြင် အဆိုပါ ကျူးလွန်မှုများသည် ကေအဲန်ယူထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူလူထုများ၏ မည်သည့် ပိုင်ဆိုင်မှု ပစ္စည်းမဆို ပျက်ဆီးဆုံးရှုံးမှုများပါက ကေအဲန်ယူသို့ အထောက်ပံများ ရောက်ရှိ မည်မဟုတ်တော့ ကြောင်း ယူဆချက်ဖြင့် ပြည်သူလူထုများ စစ်ဘေးရှောင် ဘဝသို့ ရောက်ရှိရန် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခြင်း ဖြစ်ကြောင်းလည်း ကေအဲန်ယူက ဆိုသည်။
အဆိုပါအစီရင်ခံစာအရ ကျေးရွာ(၈)ရွာမှ ပြည်သူလူထု(၁,၁၀၉)ဦးမှာ စစ်ကောင်စီ၏ ခြိမ်းခြောက်ခိုင်း စေမှုကို ခံခဲ့ရသည့်အပြင် ကျေးရွာ(၂)ရွာရှိ အိမ်ထောင်စု (၄၈၆)စုကိုလည်း အတင်းအဓမ္မ ပြောင်းရွေ့ ခိုင်းစေခံရ မှုများ လည်း ပါဝင်ကြောင်း ထုတ်ပြန်ထားသည်။
ယခု ထုတ်ပြန်သည့်အစီရင်ခံစာထဲက အချက်များသည် ဇန်နဝါရီလမှ မတ်လအထိသာဖြစ်ပြီး ပြီးခဲ့သည့် ဧပြီလ တွင်လည်း ကေအဲန်ယူထိန်းချုပ်သည့်နယ်မြေထဲတွင် စစ်ကောင်စီ ၏ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ရှိ နေဆဲဖြစ်သည်ဟု ကေအဲန်ယူ၏ သတင်းထုတ်ပြန်ထားချက်အရသိရသည်။



















