မေလ (၁)ရက်နေ့၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ဘေးတွဲမော်တော်ဆိုင်ကယ်များကို ယခုမေလ ၁ ရက်နေ့မှစ၍ ဖမ်းဆီး အရေး ယူသွားမည်ဟု ဧပြီလ ၂၇ ရက်နေ့ရက်စွဲဖြင့် ဖားအံခရိုင် ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေး အဖွဲ့၏ ထုတ်ပြန်ထားသည့်စာအရသိရသသည်။
လိုင်စင်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အဆိုပါ ဘေးတွဲဆိုင်ကယ်များသည် ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြား မှုဦးစီးဌာနမှ ခွင့်ပြု၍မရသော စည်းကမ်းနှင့် မညီသည့် လုပ်ဆောင်မှုဖြစ်သောကြောင့် စည်ပင်သာယာနယ် နမိတ်အတွင်း လာသွားခြင်းမပြုကြရန်နှင့် သွားလာမှုပြုသည်ကို စစ်ဆေးတွေ့ရှိပါက ဆိုင်ကယ်ကို ဖြုတ်သိမ်း မည့်အပြင် တည်ဆဲဥပေဒေများဖြင့်ပါ အရေးယူသွားမည်ဖြစ်ကြောင်း ဖားအံခရိုင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့ကဆိုထားသည်။
ထိုသို့ ဘေးတွဲဆိုင်ကယ်များကို ဖမ်းဆီးအရေးယူသွားမည့်အပေါ် ဘေးတွဲယာဉ်မောင်းများဖြင့် အသက်မွေးဝမ်း ကြောင်း ပြုသူများအနေဖြင့် ခက်ခဲမှုများရှိလာသည်ဟု ဘေးတွဲမော်တော်ဆိုင်ကယ်မောင်းသူတစ်ဦးက ယခုလို ပြောသည်။
“ဘေးတွဲဖမ်းမယ် သတင်းတွေထွက်နေတော့ အပြင်မထွက်ရဲတော့ဘူး။ လိုင်စင်ရှိလည်းဖမ်း မရှိလည်းဖမ်း မယ်ဆိုတော့ အဆင်မပြေတော့ဘူး။ မရှိလို့လုပ်စားပါတယ်ဆိုမှ ကောက်သိမ်းလိုက်ရင် ဘယ်လိုမှ လုပ်မရ တော့ဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဘေးတွဲမော်တော်ဆိုင်ကယ်များကို ဟင်းသီးဟင်းရွက်ရောင်းခြင်း၊ ခရီးသယ်အကြို အပို့လုပ်ခြင်း စသည့် အသေးစား သယ်ယူပို့ဆောင်မှု လုပ်ငန်းများတွင် အသုံးပြုကြကြောင်း ဘေးတွဲမော်တော်ဆိုင်ကယ် မောင်းသူများ က ပြောသည်။
ထိုသို့ ဖားအံမြို့တွင် ဘေးတွဲဆိုင်ကယ်များကို ဖမ်းဆီးမည့် သတင်းများကြောင့် မြို့ပေါ်မှတစ်ဆင့် နီးစပ်ရာ ကျေးရွာများထဲသို့ ဟင်းသီးဟင်းရွက်လာရောင်းသည့် သူများမရှိတော့ကြောင်း ဖားအံမြို့အနီး ကျေးရွာ ဒေသခံ ရွာသားတစ်ဦးကဆိုသည်။
“မြို့ထဲမှာ ဘေးတွဲဆိုင်ကယ်တွေဖမ်းမယ်ဆိုတော့ ဘေးတွဲသွားလာသူတွေမရှိတော့ဘူး။ ဒီနေ့တော့စျေးသည် မလာတော့ဘူး။ တကယ်လို့စျေးသည်မလာတော့ရင် မြို့ထဲမှာပဲ တက်ဝယ်ရတော့မှာပေါ့” ဟုကေအိုင်စီသို့ ပြောသည်။
၄င်းဘေးတွဲမော်တော်ဆိုင်ကယ်များကို ယခု မေလ ၁ရက်နေ့မှစ၍ ဖမ်းဆီးအရေးယူမည်ဟု စာထုတ်ပြန် ထားသောကြောင့် ယနေ့ ဖားအံမြို့ပေါ်တွင် ဘေးတွဲမော်တော်ဆိုင်ကယ် သွားလာမှုများ ရပ်တန့်သွားကြောင်း မြို့ခံများထံမှ သိရသည်။



















