Home သတင်း လှိုင်းဘွဲမြိုတွင်းရှိ ရွှေဆိုင်များကို စစ်ကောင်စီမှ အတင်းအဓမ္မ ငွေကြေးကောက်ခံမှုများပြုလုပ်

လှိုင်းဘွဲမြိုတွင်းရှိ ရွှေဆိုင်များကို စစ်ကောင်စီမှ အတင်းအဓမ္မ ငွေကြေးကောက်ခံမှုများပြုလုပ်

1120

မေလ ၁ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့တွင်းရှိ ရွှေဆိုင်များကို စစ်ကောင်စီမှ လုံခြုံရေး ရယူပေးမည်ဟု အကြောင်းပြကာ အတင်း အဓမ္မ ငွေကြေး ကောက်ခံမှုများပြုလုပ်ခဲ့ကြောင်း ရွှေဆိုင်များနှင့် နီးစပ်သူများအထံမှ သိရသည်။

ရွှေဆိုင် တစ်ဆိုင်လျှင် ကျပ်ငွေ ၂၅ သိန်းနှုန်းဖြင့် ကောက်ခံနေခြင်းဖြစ်ပြီး ငွေပေးချေသည့် ဆိုင်များကိုသာ လုံခြုံရေးတာဝန်ယူပေးမည်ဖြစ်ကြောင်းနှင့် ငွေပေးချေမှု မရှိသော ဆိုင်များကိုမူ ဖြစ်လာမည့် ပြဿနာများတွင် လုံခြုံရေး တာဝန်ယူပေးမည် မဟုတ်ကြောင်း စစ်ကောင်စီတပ်က ပြောဆိုခဲ့သည်ဟု ရွှေဆိုင်နှင့် နီးစပ်သူ လှိုင်းဘွဲမြို့ခံတစ်ဦးက ယခုလိုပြောသည်။

၎င်းက “ရွှေဆိုင်တွေကအခုချိန်မှာ ရောင်းရတာမဟုတ်ဘူး။ သူတိုတောင်းတဲ့ သိန်းလေးဆယ်ဘယ်လိုလုပ် ပေးနိုင်မှာလဲ။ ရွှေဆိုင်တွေက သူတိုသိတဲ့လူနဲ့ သွားညှိတယ်။ သွားညှိပြီးတော့ နောက်ဆုံး နှစ်ဆယ့်ငါးသိန်းလို့ ကြားလိုက်ရတယ်။ ဒါမျိုး တစ်ခါမှလည်းမရှိဖူးဘူး”ဟု ကေအိုင်စီသို့ပြောသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် လှိုင်းဘွဲမြို့တွင် ယခုလို ရွှေဆိုင်များကို ငွေကြေး ကောက်ခံမှုသည် ပထမဦးဆုံးအကြိမ်ဖြစ်ပြီး ယခင်က တစ်ဆိုင်ကို ကျပ်ငွေ သိန်းလေးဆယ်ပေးဆောင်ရမည်ဟု ပြောဆိုခဲ့ရာမှ ရွှေဆိုင်ပိုင်ရှင်များ၏ ပြန်လည်ညှိနှိုင်းမှုအပြီး တစ်ဆိုင်လျှင် ကျပ်ငွေ (၂၅)သိန်းသာ ကောက်သွားသည်ဟု ၎င်း နီးစပ်သူက ဆက်ပြောသည်။

လှိုင်းဘွဲမြိုတွင် ရွှေဆိုင်ပေါင်း (၁၀) ဆယ်ဆိုင်ဝန်းကျင်ခန့်သာရှိပြီး ရွှေဆိုင်ကြီး ပေါင်း (၇)ဆိုင်ခန့်ရှိပြီး ကျန်ဆိုင် များမှ ဆိုင်ငယ်လေးများသာဖြစ်ပြီး ယခုလိုစစ်ကောင်စီ၏ ငွေကြေး အတင်းအဓမ္မကောက်ခံမှုကို မပေး နိုင် သည့် ဆိုင်များလည်းရှိကြောင်း မြို့ခံ များက ဆိုသည်။

လှိုင်းဘွဲမြို့ခံ တစ်ဦးက ” သူတို့ကလက်နက်ရှိတော့ လုပ်ချင်တာလုပ်မှာဘဲ။ မြန်မာပြည်အနှံ့မှာ သူတို့လုပ်ချင် တာလုပ်နေတာဘဲလေ။ သူတို့ ရက်စက်ယုတ်မာမှုတွေ လက်နက်ရှိတိုင်း ခြိမ်းခြောက်အနိုင်ကျင့်မှုတွေ အများ ကြီးဘဲ။ အခုဟာကလည်း မြို့မှာရှိတဲ့ မြို့မျက်နှာဖုံးတွေကို လုံခြုံရေးဆိုပြီး အတင်းအဓမ္မအနိုင်ကျင့် ငွေကြေး ကောက်ခံတာဖြစ်တယ်” ဟု ကေအိုင်စီ သို့ ပြောသည်။

အလားတူ လှိုင်းဘွဲ မြို့တွင်းရှိ ရွှေဆိုင်များကို ငွေကြေးများကောက်ခံပြီး‌ပါက ကုန်စုံဆိုင်ကြီးများကိုလည်း ယခုလို ငွေကြေးကောက်ခံမှုများ ပြုလုပ်သွားမည်ဟု သတင်းများ ထွက်ပေါ်နေပြီး ရွှေဆိုင်များနည်းတူ လုံခြုံရေး အကြောင်းပြကာ ကောက်ခံသွားမည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့က လှိုင်းဘွဲမြို့နယ် အနောက်ဘက်ရှိ ရွှေဂွန်းကျေးရွာရှိ ရွာလယ်ဘုရား စျေးတွင်ဖွင့်လှစ်ထားသော ရွှေဆိုင်နှစ်ဆိုင် ဓားပြတိုက်ခံရမှုဖြစ်စဉ်ဖြစ်ခဲ့သေးပြီး သိန်းရာနှင့်ချီသော တန်ဖိုးရှိသည့် ရွှေထည်အချို့ ပါသွားခဲ့သည်။