Home ဆောင်းပါး (၁၇)ကြိမ်မြောက် ကေအဲန်ယူကွန်ကရက်က ဆုံးဖြတ်အတည်ပြုတဲ့အတိုင်း တိကျစွာ ဆောင်ရွက်ကြပါစို့

(၁၇)ကြိမ်မြောက် ကေအဲန်ယူကွန်ကရက်က ဆုံးဖြတ်အတည်ပြုတဲ့အတိုင်း တိကျစွာ ဆောင်ရွက်ကြပါစို့

1090

(၁၇)ကြိမ်မြောက် ကေအဲန်ယူကွန်ကရက်က ဆုံးဖြတ်အတည်ပြုတဲ့အတိုင်း တိကျစွာ ဆောင်ရွက်ကြပါစို့
မောင်ကျော်စွာ

(၂၀၂၃ ခုနှစ်၊ မေလ ၁၁ရက်)

၂၀၂၃ ခုနှစ်၊ မေလ ၅ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်သော (၁၇)ကြိမ်မြောက် ကေအဲန်ယူ – ကရင်အမျိုးသား အစည်းအရုံးကွန်ကရက်၊ ထုတ်ပြန်ကြေညာချက်ကို အများက နှစ်ထောင်းအားရရှိကြပါတယ်။

ထို့အပြင် ကွန်ကရက် မကျင်းပမီကရော ကွန်ကရက် ကျင်းပနေစဉ်အတွင်းမှာပါ ပေါ်ပေါက်နေတဲ့ အမျိုးမျိုး သော ပြောဆိုချက်၊ ထုတ်ပြန်ချက်တွေအပေါ် မူတည်ပြီး ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံးကြီး ဦးနင်း ပဲ့ထောင် – ပဲ့နင်း ဦးထောင်နဲ့ ဖရိုဖရဲဖြစ်သွားမှာကိုလည်း အများက စိုးရိမ်မကင်း ရှိခဲ့ကြပါတယ်။
ထိုသို့ အတွင်းအပြင် ပဋိ့ပက္ခတွေ၊ အကြမ်းဖက် (စကစ)စစ်အုပ်စုက အချိန်မရွေး မထင်ရင်မထင်သလို လေယာဉ်နဲ့ ဗုံးကြဲ၊ လက်နက်ကြီးနဲ့ပစ်ခတ်နိုင်တဲ့ အခြေအနေတွေကြားကနေ (၁၇)ကြိမ်မြောက်ကွန်ကရက်ကို အောင် မြင်စွာ ကျင်းပနိုင်တာဟာ တကယ့်ကို လှိုက်လှဲဝမ်းမြောက်ဂုဏ်ယူစရာပါ။

အထူးသဖြင့် အများက (၁၇)ကြိမ်မြောက် ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံးကွန်ကရက်၊ ထုတ်ပြန် ကြေညာချက်ထဲက အချက်အမှတ် (၅)နဲ့ (၆)မှာဖော်ပြထားတဲ့ ရပ်တည်ချက်နဲ့ သဘောထားကို ပိုပြီး လှိုက်လှိုက်လှဲလှဲ ရှိကြပါတယ်။ ဒီအချက်တွေက ဒီကနေ့ တိုင်းပြည်နဲ့အဝန်းမှာ စစ်မျက်နှာဖွင့်ပြီး တော်လှန်နေကြသူတွေရဲ့ တော်လှန် ရေး လိုအပ်ချက်တွေနဲ့ ကိုက်ညီနေတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံးလို တိုင်းရင်းသား ဝါရင့်တော်လှန်ရေး အဖွဲ့အစည်းကြီးတစ်ရပ်က အခုလို အကြမ်းဖက်(စကစ)စစ်အုပ်စုအပေါ် ပြတ်ပြတ် သားသား ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်တာဟာ အားတက်ကြိုဆိုရမယ့် ကိစ္စတစ်ခုပဲ မဟုတ်ပါလား။

ဘယ်လိုတော်လှန်ရေးအတွေးအခေါ်နဲ့ လုပ်ငန်းစဉ်ကို ကိုင်စွဲထားကြသူတွေပဲဖြစ်ပါစေ (ယုတ်စွအဆုံး မိမိလူ မျိုး၊ မိမိဒေသ ကွက်ကွက်ကလေးအတွက်ပဲ ‘တော်လှန်ရေး’ လုပ်မယ်လို့ ဆိုနေသူတွေအတွက်လည်း) “မဟာလူမျိုး ရေးဝါဒနဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး” ဆိုတဲ့ ရည်ရွယ်ချက်၊ ဦးတည်ချက်မပါရှိဘဲ ဒီနေ့ တော်လှန်ရေး/နိုင်ငံရေး ကို လုပ်ဆောင် အကောင်အထည်ဖို့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။

ဒါ့အပြင် မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်ကို အကုန်အစင် ဆန့်ကျင်တိုက်ဖျက်နိုင်မှသာ တိုင်းရင်း သားတော်လှန်ရေးအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများ၊ လူထုလူတန်းစားအသီးသီးက လိုလားမျှော်မှန်းနေကြတဲ့ ဒီမိုကရေစီအရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိရေး စတဲ့ အချက်တွေကို လက်တွေ့ အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။ ဒီလိုအကောင်အထည် ဖော်ဆောင်နိုင်ဖို့အ တွက်လည်း ကရင်တစ်မျိုးထဲ၊ ကချင်တစ်မျိုးထဲ၊ ချင်းတစ်မျိုးထဲ၊ ရှမ်းတစ်မျိုးထဲ၊ မွန်တစ်မျိုးထဲ စသဖြင့် လူမျိုးတစ် မျိုးထဲက လုပ်ဆောင်လို့ရနိုင်မှာမဟုတ်ဘဲ အဖိနှိပ်ခံ လူမျိုးပေါင်းစုံပြည်သူများရဲ့ သွေးစည်းညီညွတ်မှုကို အချိန်မီ ရယူ တည်ဆောက်နိုင်ကြမှသာ တကယ်တမ်း ဖြစ်မြောက်လာနိုင်ပါလိမ့်မယ်။

ပြီးတော့ (၁၇)ကြိမ်မြောက်ကွန်ကရက်၊ ထုတ်ပြန်ကြေညာချက်ထဲက အရေးအသားအစီအစဉ်အတိုင်း ကြည့် လျှင်ပင် မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေးက ပထမတာဝန်ဖြစ်ပြီး တဆက်တည်း လိုက်ပါအကောင်အထည်ဖော်ရမယ့် တာဝန်တွေက အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေး၊ ဖက်ဒရယ် ပြည်ထောင်စုအရေးတို့ဖြစ်တယ်ဆိုတာ အငြင်းပွားဖွယ်မရှိ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေပြီးသား မဟုတ်ပါ လား။

“မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေး” ဆိုတာကို ဒီနေ့လက်တွေ့ထဲမှာ ကြည့် လိုက်ရင် “အကြမ်းဖက်(စကစ) စစ်အုပ်စု၊ ၂၀၀၈ အခြေခံဥပဒေနဲ့ (NCA)စာချုပ်တို့ဟာ အဓိက ဆန့်ကျင်တိုက်ခိုက် ဖျက်သိမ်းပစ်ရမယ့်အရာတွေဖြစ်တယ်” ဆိုတာကို တွေ့ရပါလိမ့်မယ်။ ဒီ ၃ခု (အကြမ်းဖက်(စကစ) စစ်အုပ်စု၊ ၂၀၀၈ အခြေခံဥပဒေနဲ့ (NCA) စာချုပ်) ကို အကုန်အစင်ဖျက်သိမ်းမပစ်နိုင်ဘဲ ဒီမိုကရေစီရေး – ဖက်ဒရယ်ရေး – တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အရေးတွေ တည်ဆောက်အကောင်အထည်ဖော်ဖို့ ဘယ်လိုမှ စိတ်ချနိုင်လိမ့်မယ် မဟုတ်ပါဘူး။ ရေရှည် အာမခံချက်ရှိမှာ မဟုတ်ပါဘူး။ သမိုင်းကို ၁၉၆၂ခုနှစ်ကစပြီး ဒီနေ့ နွေဦးတော်လှန်စစ်ကာလအထိ ဆစ်ပိုင်း ကြည့်လိုက်ရင် အာဏာသိမ်းပိုက်ထားတဲ့ စစ်အုပ်စုအဆက်ဆက်ဟာ စစ်တပ်ကို ခါးပိုက်ဆောင်တပ် တစ်လက်ကိုင် တပ်သဖွယ်လုပ်ပြီး တတိုင်းတပြည်လုံးကို ဗိုလ်ကျ မင်းမူတာပါပဲ။ သူတို့စစ်အုပ်စုဝင် ထိပ်သီးမိသားစုများရဲ့ သားစဉ် မြေးဆက် ကြွယ်ဝချမ်းသာမှုကို ဗြောင်အကျဆုံး လုပ်ဆောင်တာပါပဲ။

သိမ်းပိုက်ထားတဲ့ လက်နက်အာဏာနဲ့ ဓနဥစ္စာ ကြွယ်ဝချမ်းသာမှုကို ထင်သလို ဖန်တီးချယ်လှယ်သလို တိုင်း ပြည်နဲ့ လူထုအပေါ်ကိုလည်း ထင်သလို အကြမ်းဖက် ဖိနှိပ်အုပ်စိုးပါတယ်။ လမ်းမပေါ်က ဆန္ဒပြသူကိုဖြစ်စေ – လက် နက်စွဲကိုင် ခုခံတော်လှန်သူကိုဖြစ်စေ (ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ သျှမ်း-ရှမ်း စသဖြင့်) လူမျိုးမရွေး ဘာသာမရွေး အယုတ်မာဆုံး၊ အရက်စက်ဆုံးနည်းတွေနဲ့ ဖိနှိပ်ချေမှုန်းလေ့ရှိပါတယ်။

သူတို့ထံ ဒူးထောက်အညံ့ခံသူမှန်သမျှကိုတော့ တစုံတရာအဆင့်နေရာပေးပြီး ခိုင်းစားတတ်ပါတယ်။ ဒါကြောင့် မန်းငြိမ်းမောင်တို့ – ဒေါ်အေးနုစိန်တို့ – ဒေါက်တာဗညားအောင်မိုးတို့၊ ဒေါ်ဒွဲဘူ စသူတို့ကိုပဲ ကွက်ကြည့်ပြီး သက်ဆိုင်ရာ လူမျိုးတွေ တန်းတူရေးရနေပြီ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ ကျင့်သုံးနေကြပြီ – ဒီမိုကရေစီရှိနေပြီ – ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်နိုင်ဖို့ လမ်းနီးနေပြီလို့ ကျဉ်းကျဉ်းမြောင်းမြောင်းတွေးလို့ ထင်လို့ မရနိုင်ပါဘူး။ စစ်အုပ်စုက သူတို့ချသုံးပြီး အချင်းချင်း လှည့်စားရန်တိုက်ပေးတာပါ။ လူမျိုးတစ်မျိုးနဲ့တစ်မျိုး၊ လူမျိုးတစ်မျိုးထဲအချင်းချင်း၊ ကိုးကွယ်ရာ ဘာသာတစ်ခုနဲ့တစ်ခု သွေးခွဲ ရန်တိုက်ပေးရေးဟာ စစ်အုပ်စုအဆက်ဆက်ရဲ့ မရိုးနိုင်တဲ့ လက်သုံးနည်း တွေထဲက တစ်ခုပါပဲ။ နေ့စဉ်နဲ့အမျှ ဒီအလုပ်တွေကို ပုံစံမျိုးစုံ၊ နေရာပေါင်းစုံကနေ အဆက်မပြတ် မရပ်မနား လုပ်ဆောင်နေတာပါ။

အခုလည်း အကြမ်းဖက်(စကစ) စစ်အုပ်စုရဲ့ လက်ကိုင်တုတ်ကော်မတီတွေထဲက တစ်ခုဖြစ်တဲ့ “အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းကော်မတီ” ရဲ့သဘောထားထုတ်ပြန်ချက် ဆိုတာကို (မေလ ၉ရက်) နေ့စွဲနဲ့ ထုတ်ပြန်လာပါတယ်။ ဒီထုတ်ပြန်ချက်ရဲ့ ရည်ရွယ်ချက်က “(၁၇)ကြိမ်မြောက် ကေအဲန်ယူ – ကရင်အ မျိုးသားအစည်းအရုံး ကွန်ကရက်၊ ထုတ်ပြန်ကြေညာချက်”ကို သရုပ်ဖျက်စွပ်စွဲတာနဲ့ (NCA) ပိုက်ကွန်ထဲကနေ ရုန်း ထွက်သွားတဲ့ KNU ပြန်ပြီး ချော့မြှူသိမ်းသွင်းတာပါ။

“အပြုသဘောမဆောင်ဘဲ NCA ပါ ပြဋ္ဌာန်းချက်များအား ဆန့်ကျင်ပြီး ထိပ်တိုက်ရင်ဆိုင်မှုလမ်းကြောင်းသို့ ဦးတည်နေကြောင်း တွေ့ရှိရပါသည်”လို့ ရေးသားကာ “(၁၇)ကြိမ်မြောက် ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး ကွန်ကရက်၊ ထုတ်ပြန်ကြေညာချက်”ပါ သဘောထားရပ်တည်ချက်နဲ့ အနှစ်သာရကို လုပ်ကြံစွပ်စွဲ သရုပ်ဖျက်ထားပါ တယ်။

၂၀၂၀ ပြည့်ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းပစ်သူ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဖမ်းဆီးဖျက် သိမ်းသူ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သော တရားဝင်ကြေညာချက်များကို ဖျက်သိမ်းပစ်သူ ဟာ ဘယ်သူလဲ။ စစ်အုပ်စုကိုယ်တိုင် စိတ်ကြိုက်ရေးဆွဲပြီး အဓမ္မအတည်ပြုထားတဲ့ “၂၀၀၈ အခြေခံဥပဒေ”ပါ ပြဋ္ဌာန်း ချက်များကို ဗြောင်အကျဆုံး ချိုးဖောက်ပြီး (“မဲမသမာမှု”ဆိုတဲ့ လုပ်ကြံစွပ်စွဲအကြောင်းပြချက်နဲ့) အာဏာသိမ်းပိုက် ခဲ့သူဟာ ဘယ်သူတွေလဲ၊ တိုင်းပြည်နဲ့အဝန်းမှာ ပြည်သူတွေကို ဗုံးကြဲနေတာ၊ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ် သတ်ဖြတ်နေတာ၊ မီးလောင်တိုက်သွင်းနေသူဟာ ဘယ်သူတွေလဲ။ မင်းအောင်လှိုင်ဦးစီးတဲ့ အကြမ်းဖက် (စကစ)စစ် အုပ်စုပဲ မဟုတ်ပါလား။

သူတို့ခြေဖဝါးအောက်မှာ ပြားပြားဝပ်မနေဘဲ နိုးထရုန်းကန် တော်လှန်သူမှန်သမျှကို “ထိပ်တိုက်ရင်ဆိုင်ရေး လမ်းကြောင်းလိုက်တယ် – အကြမ်းဖက်သမား” စသဖြင့် တံဆိပ်ကပ် စွပ်စွဲလေ့ရှိပါတယ်။ သူခိုးက လူဟစ်လေ့ရှိပါ တယ်။

ဘယ်လိုလမ်းကြောင်းမှ ရွေးချယ်စရာမကျန်တော့လို့ အဲဒီလို ရွေးချယ်စရာလမ်းကြောင်း မကျန်တော့အောင် လည်း စစ်အုပ်စုက ဘက်ပေါင်းစုံ ဝိုင်းပတ်ပိတ်ဆို့ကားဆီးထားလို့ တချိန်က “အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်း ကြောင်းလိုက်ခဲ့ကြသူတွေထဲက အများစုကြီးဟာ” ဒီနေ့ကာလမှာ နွေဦးတော်လှန်ရေးဆိုတဲ့ ခုခံတော်လှန်စစ် လမ်းကြောင်းမှန်ကို ရရာလက်နက်စွဲကိုင်ပြီး ရွေးချယ်လျှောက်လှမ်းလာခဲ့ကြရတာ လက်တွေ့ထဲက အဖြေပဲ မဟုတ်ပါ လား။

နောက်ဆုံးတော့ အကြံကုန်သွားတဲ့ အကြမ်းဖက်(စကစ) စစ်အုပ်စုက KNU ကို မတရားသင်း/ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် (အနှေးနဲ့အမြန်) ပြန်လည်ကြေညာဖို့ လုပ်ပါလိမ့်မယ်။ စစ်ရေးတိုက်ခိုက်မှုတွေနဲ့ သပ်လျှိုသွေးခွဲမှု တွေကိုလည်း အရူးအမူး လုပ်ဆောင်လာပါလိမ့်မယ်။

ဒါ့ကြောင့် ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ဦးဆောင်တဲ့ ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ မိမိတို့ (၁၇)ကြိမ်မြောက်ကွန်ကရက်က ရွေးချယ်ထားတဲ့ ခေါင်းဆောင်မှုအောက်မှာ ကွန်ကရက်က ဆုံးဖြတ်အတည်ပြုထား တဲ့ “ကရင့်အမျိုးသားတော်လှန်ရေး၏ အခြေခံလမ်းစဉ်နှင့် လုပ်ငန်းစဉ်များ၊ ရှေ့လုပ်ငန်းများ”အတိုင်း တညီတညွတ် တည်း ချီတက်နိုင်ကြဖို့ လိုအပ်ပါတယ်။

ဒါ့အပြင် မိမိအဖွဲ့အစည်းအတွင်း ညီညွတ်ရေး၊ တပ်တွင်းညီညွတ်ရေး၊ တပ်မဟာတွေ တစ်ခုနဲ့တစ်ခုအကြား ပိုမို သွေးစည်းညွတ်ရေး၊ ဘဝတူ တော်လှန်ရေးအဖွဲ့အစည်း အသီးသီးနဲ့ ခိုင်ခိုင်မြဲမြဲ အပြန်အလှန် နားလည်သွေးစည်း ရေး စတဲ့ အခြေခံလိုအပ်ချက်တွေကို အားသွန်ခွန်စိုက် လုံးပမ်းဆောင်ရွက်နိုင်ပါစေကြောင်း တိုက်တွန်းအပ်ပါတယ်။