Home သတင်း ဖာပွန်ရှိ စစ်ကောင်စီ တပ်စခန်းများတွင် KNLA ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများအပေါ် ကြောက်ရွံ့နေရကြောင်း CDM ရဲဘော်များပြော

ဖာပွန်ရှိ စစ်ကောင်စီ တပ်စခန်းများတွင် KNLA ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများအပေါ် ကြောက်ရွံ့နေရကြောင်း CDM ရဲဘော်များပြော

602

မေလ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများရှိ စစ်တပ်အရာရှိ အပါအဝင် အခြားအဆင့် ရဲဘော်များအနေဖြင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်များ အချိန်မရွေး စစ်ရေးလှုပ်ရှားတိုက်ခိုက်မှုမျိုးစုံကို ခုံခံနေရသည့်အတွက် နေ့စဥ်ကြောက် ရွံ့စွာနေထိုင်နေကြရကြောင်း မကြာသေးခင်က အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်သည့် ရဲဘော်များက ပြောသည်။

ဖာပွန်မြို့နယ်ရှိ စစ်စခန်းအတွင်း စစ်တပ်အရာရှိများ အပါအဝင်စစ်သည်များသည် KNLA ပူးပေါင်း တပ်များ တိုက်ခိုက်သည့် စနိုက်ပါ သေနတ်၊ ဒရုန်းယာဥ်ဖြင့်ဗုံးကြဲချမှု၊ တိုက်မိုင်း၊ ဆွဲမိုင်း၊ ရှော့တိုက် ဒုံးများဖြင့် တိုက်ခိုက်ခံရမည့်အရေးအချိန်ပြည့် ကြောက်ရွံ့နေထိုင်နေကြရကြောင်း KNLA တပ်မဟာ ၅ ထံ လက်နက်ခဲယမ်းများနှင့်တကွ CDM ပြုလုပ်လာသည့် ဖာပွန်မြို့နယ် နတ်တောင်စစ်ကောင်စီစခန်းရှိ ခြေလျင်တပ်ရင်း-ခလရ ၃၄၁ မှ စစ်သည်ရဲဘော်များက ပြောသည်။

“စစ်တပ်က ကြောက်နေရတာ ကရင်ပူးပေါင်းအဖွဲ့တွေရဲ့ စနိုက်ပါ၊ ဗုံးနဲ့၊ မိုင်းပေါ့၊ ဘယ်မှာ မထွက်ရဲ စခန်းထဲမှာပဲနေ၊ ဖုန်းလိုင်းမမိတော့ အရာရှိတွေက နိုင်ငံရေးသတင်းတွေကို ရေဒီယိုကလာတဲ့ BBC တို့ RFA တို့ နားထောင်ကြတယ်။ တစ်ဆင့် ပြန်ကြားနေရတာ တစ်ခြားနေရာတွေက တိုက်ပွဲသတင်းတွေ သိနေရတယ်။ စစ်တပ်က မနိုင်ဘူးဆိုတာ အရာရှိတွေသိနေကြပြီး။ စခန်းထဲက စစ်သားတွေလည်း ပြေးချင်နေကြပြီ” ဟု ခလရ ၃၄၁ တပ်ရင်းမှ CDM ပြုလုပ်ခိုလှုံလာသည့် တပ်သားအောင်ပိုင်ဖြိုးက ပြောသည်။

ဖာပွန်တပ်နယ်ထဲရှိ စစ်ကောင်စီအရာရှိများအနေဖြင့် ရှေ့တန်းစစ်မြေပြင်နှင့် စစ်စခန်းများတွင် အခြား အဆင့်နှင့် ရဲဘော်များအပေါ် ဖိနှိပ်မှု၊ ပြစ်ဒဏ်ပေးရိုက်နှက်မှုအစာရေစာအကန့်အသတ်ဖြင့် ပေးဝေမှုများ အပြင် ရဲဘော်များအား လူ့ဂုဏ်သိက္ခာမဲ့စွာဖြင့် တိုက်ပွဲအတွင်း ကျဆုံးထိခိုက်ဒဏ်ရာရမှုထက် ဝန်ဆောင်လားကောင်များ မထိခိုက်စေရေးနှင့် လက်နက်ခဲယမ်းများ မဆုံးရှုံးစေရေးကိုသာ အဓိကထား လုပ်ဆောင်ကြသည်ဟု CDM ရဲဘော်တိုးတိုးကလည်း ယခုလို ပြောသည်။

“ကျနော်တို့ အရာရှိတွေက လက်အောက်ငယ်သား ရဲဘော်နဲ့ အခြားအဆင့်တွေကို လားကောင်တို့၊ လက်နက်တို့ထက် အရေးမကြီးဘူး၊ တန်ဖိုးမထားဘူးဆိုတာမျိုး ဆက်ဆံတယ်။ အဲ့ဒီဟာတွေ သေတာ ပျောက်တာက သူတို့အရာရှိတွေအဖို့ စစ်ပြစ်စစ်ဒဏ်ကြီးတယ်။ လူက သေတာ၊ ထိတာ အရေးမကြီးဘူး၊ တန်ဖိုးမရှိဘူး။ လားက ရိက္ခာသယ်ဖို့၊ လက်နက်ကတော့ ပြေးတဲ့သူ၊ တိုက်ပွဲမှာ ကျဆုံးတဲ့သူနဲ့ ပါသွားရင် လူမလိုဘူး၊ အလောင်းမလိုဘူး။ လက်နက်ပြန်ရဖို့ပဲ လိုတယ်ဆိုတာကို တော်တော်လေး သုံးနှုန်းတယ်။ လူလိုမဆက်ဆံချင်ကြဘူး။ စစ်သည်တွေရဲ့ အသက်ခန္ဓာက တန်ဖိုးမရှိဘူး ”ဟု ၎င်းက ပြောသည်။

ထို့အပြင် စစ်တပ်အရာရှိများအနေဖြင့် စစ်တပ်ထောက်ပို့ရဟတ်ယာဥ်ဖြင့် စားသောက်စရာမှာယူခွင့်၊ ဆေးကုသခွင့်၊ နေရပ်ပြန်ခွင့်၊ ရာထူးတိုးနေရာပြောင်းခွင့်များ အထူးအခွင့်အရေး ရရှိနေကြပြီး

အောက်ခြေ အခြားအဆင့်နှင့် ရဲဘော်များအနေဖြင့် အစားအသောက်၊ အနေအထိုင်၊ အသွားအလာ ကန့်သတ်ချက်များဖြင့် နေထိုင်နေကြရသည့်အတွက် CDM ပြုလုပ်ရန် ရဲဘော်သူငယ်ချင်း ၄ ယောက် သေနပ် ၄ လက်၊ အီနာဂါဗုံးသီး၊ လက်ပစ်ဗုံး၊ သေနတ်ကျည်ဆံများ ယူဆောင်ကာ CDM ပြုလုပ်ခဲ့ ကြောင်း ရဲဘော်တိုးတိုးက ဆက်ပြောသည်။

“ရဲဘော်နဲ့ အခြားအဆင့်တွေ လုပ်လို့မှာလို့မရဘူး၊ ရဲဘော်တွေဆိုရင် စားစရာက ကန့်သတ်ပြီး တစ်ခါ စား၊ တစ်နပ်စာထမင်းကို ဟန်ကောထမင်းတစ်ချိုင့်ပဲရတယ်၊ ဟင်းက ကိုယ့်ဘာသာကို ငှက်ပျော်အူ၊ သင်္ဘောသီးကိုပဲ ချက်စားကြရတယ်၊ ၆လကျော် လောက်ရှိလာပြီဆိုတော့ လာတိုက်တာ ခံရရင် လည်း ကိုယ်သေမယ်။ ဆက်နေရင်လည်း အဟာရပြတ်ပြီးသေမယ်။ အသေမခံနိုင်ဖိနှိပ်တာ မခံနိုင်ဘူး”ဟု ရဲဘော်တိုးတိုးက ပြောသည်။

ဖာပွန်တပ်နယ်အတွင်း စစ်ကောင်စီတပ်များအနေဖြင့် အာဏာသိမ်း စစ်ကောင်စီအား တော်လှန် တိုက်ခိုက်နေကြသည့် တော်လှန်ရေး အင်အားစုများ၏ တိုက်ပွဲ သတင်းများ၊ ဖာပွန်တပ်နယ်အတွင်း တိုက်ခိုက်နေရသည့် တိုက်ပွဲအခြေအနေသတင်းများအရ စစ်ကောင်စီ၏ စစ်ရေး၊ နိုင်ငံရေး ရှုံးနိမ့် နေမှုများကို ကြားသိတွေ့မြင်နေရသော်လည်း မိသားစုများအား တပ်ပိုင်းဆိုင်ရာ အရာရှိကြီးများမှ တပ်တွင်း ထိန်းသိမ်းထားခြင်း၊ ရာထူးတိုး၊ လုပ်ပိုင်ခွင့်တိုးပေးမှု မက်လုံးများဖြင့် ခြိမ်းခြောက် စည်း ရုံးထားခြင်များရှိနေသည့်အတွက် CDM ပြုလုပ် ခိုလှုံရန်စိတ်ထားရှိသော်လည်း အခြေအနေမပေး သေးသည့်အတွက် ဘက်ပြောင်းခိုလှုံရန် အခက်အခဲများ ရှိနေကြကြောင်း ခလရ ၃၄၁ မှ CDM ရဲဘော်များက ပြောသည်။