Home သတင်း လှိုင်းဘွဲမြို့နယ်တွင် မီတာ စာရွက်များမဟုတ်သည့် ငွေဖြတ်ပိုင်းများဖြင့် မီတာခကို အဆမတန်ကောက်ခံနေ

လှိုင်းဘွဲမြို့နယ်တွင် မီတာ စာရွက်များမဟုတ်သည့် ငွေဖြတ်ပိုင်းများဖြင့် မီတာခကို အဆမတန်ကောက်ခံနေ

1534

မေလ ၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊လှိုင်းဘွဲမြိုနယ်အတွင်းရှိ သပုထိုကျေးရွာတွင် မီတာခများကို မီတာစာရွက်မဟုတ်သည့် ငွေဖြတ် ပိုင်းများဖြင့် မီတာခများ ကောက်ခံနေပြီး သတ်မှတ် သုံးစွဲ ယူနစ်များ မပါဘဲ ကုန်ကျမှု အဆမတန် ပေးဆောင် နေရသည်ဟု ဒေသခံ ပြည်သူများထံ မှသိရသည်။

သပုထိုရွာတွင် အခုလို လျှပ်စစ်မီတာခများကို ငွေဖြတ်ပိုင်းများဖြင့် ကောက်ခံနေသည်မှာ တစ်နှစ်ကျော်ရှိနေပြီး ဖြစ်သော်လည်း စတင်ကောက်ခံသော လပိုင်းကာလများတွင် ကျပ်ငွေ ထောင်ဂဏန်အထိသာ ပေးဆောင် နေရပြီး လက်ရှိကာလတွင် လျှပ်စစ်မီးပုံမှန် မလာသော်လည်း ကျပ်ငွေ နှစ်သောင်းအထိ တိုးကောက် လာကြောင်း ဒေသခံ တစ်ဦးက ယခုလို ပြောသည်။

၎င်းက “အလုပ်အကိုင် ဝင်ငွေလည်းမရှိ မီးကလည်းပုံမှန်မလာဘဲနဲ့ အဆမတန်လည်း ကောက်ခံတယ် နောက်ပြီးမီတာစာရွက်နဲ့မဟုတ်ဘဲ ငွေဖြတ်ပိုင်းနဲ့ဆိုတော့ ဘယ်သူကယုံမှာလဲ”ဟု ကေအိုင်စီ သို့ပြောသည်။

အဆိုပါ သပုထိုကျေးရွာတွင် အိမ်ခြေ (၃၀၀) နီးပါး ရှိပြီး နေအိမ် အများစုမှာ လျှပ်စစ်မီး ရယူထားကြပြီး နေအိမ် တိုင်းအား ယခုလို မီတာခများကို ငွေဖြတ်ပိုင်းများဖြင့် ကောက်ခံနေသည်အပေါ် ဝေဖန်ပြောဆိုမှုများ လည်းရှိ သည်။

နောက်ထပ် ဒေသခံရွာသားတစ်ဦးက “အခုဖြစ်စဥ်နဲ့ ပတ်သတ်ပြီး ဘယ်လိုမြင်လည်းဆိုတော့ ခေါင်းပုံဖြတ်တယ် လိုတော့ မြင်တယ်ပေါ့နော်။ တခြားရွာတွေနဲ့ တန်းတူပေါ့ မီတာရုံးတွေတိုက်ရိုက်ဆက်သွယ်ပြီးတော့ မီတာ ဆောင်တာမျိုးဘဲ ဖြစ်စေချင်တယ်” ဟု ကေအိုင်စီသို့ ဆိုသည်။

အလားတူ စစ်အာဏာမသိမ်းခင် ကာလများတွင် ဖားအံနှင့် လှိုင်းဘွဲ မြိုနယ်အတွင်းရှိ လျှပ်စစ်မီးရရှိသော ကျေးရွာများတွင် မီတာခ ကျပ်ငွေထောင်ဂဏန်းသာ ကျသင့်သော နေအိမ်များသည် လက်ရှိတွင် မီတာခကို ကျပ်ငွေ သောင်းဂဏန်းအထိ ပေးဆောင်နေရပြီး လျှပ်စီးမီးများလည်း ပုံမှန်မရရှိကြကြောင်း ဒေသခံများက ပြောသည်။