Home သတင်း တောင်ငူ-သံတောင်လမ်းတွင် စစ်ကောင်စီက စစ်ဆေးရေးများပိုမိုတင်းကြပ်ထားပြီး အဖမ်းအဆီးများရှိနေ

တောင်ငူ-သံတောင်လမ်းတွင် စစ်ကောင်စီက စစ်ဆေးရေးများပိုမိုတင်းကြပ်ထားပြီး အဖမ်းအဆီးများရှိနေ

1279

မေလ(၂)ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ သံတောင်မြို့ တောင်ငူ-သံတောင်ကားလမ်းပေါ်ရှိ စစ်ကောင်စီ၏ဂိတ်စခန်းများတွင် ပြီးခဲ့သည့်အပတ်မှစ၍ ဆိုင်ကယ်များကို တားမြစ်စစ်ဆေးခြင်း၊ အရပ်သားပြည်သူများ၏ဖုန်းများကို စစ်ဆေးရှာဖွေခြင်းများ ပိုမိုလုပ်ဆောင်နေပြီး ဖမ်းဆီးခံရမှုများရှိနေကြောင်း သံတောင်မြို့ခံများက ပြောသည်။

သံတောင်(၁၃)မိုင်တွင် ပြီးခဲ့သည့် ဧပြီလ(၂၅)ရက်နေ့ညပိုင်းက နေရပ်ပြန်လာသောစစ်ဘေးရှောင်များတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များပါလာကြသည်ဟု စစ်ကောင်စီကစွပ်စွဲပြောဆို၍ မြို့တွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ဂိတ်စခန်းများတွင် စစ်ဆေးရေးများကို ပိုမိုတင်းကြပ်လားခြင်းဖြစ်ကြောင်း ကိုယ်တွေ့မြင်တွေ့ရှိသူ သံတောင်မြို့ခံ တစ်ဦးက ယခုလိုပြောသည်။

၎င်းက “ပြီးခဲ့တဲ့အပတ် (၂၇) ရက်နေ့ကဆိုရင် သံတောင်-တောင်ငူလမ်း ကျောက်တိုင်လမ်းခွမှာ ဆိုင်ကယ် တွေကို တော်တော်လေးစစ်နေတာတွေ့ရတယ်။ လူငယ်ဆိုရင် ပိုဆိုးတာပေါ့။ ဖုန်းထဲမှာ နိုင်ငံရေးနဲ့ ပတ်သက် တာတွေ တွေ့ရင် ဖမ်းခံရတာရှိတယ်၊ အဲဒီနေ့ကလည်း သူတို့(စစ်ကောင်စီ)ဖမ်းထားတဲ့ လူငယ် နှစ်ယောက် ကို တွေ့လိုက်တယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။

ထို့အတူ ယမန်နေ့ မေလ(၁)ရက်နေ့ နံနက်ပိုင်းကလည်း သံတောင်ဆေးရုံလမ်းတွင် ပြောက်ကြား ဦးထုပ် ဆောင်း၍ ဆိုင်ကယ်မောင်းနှင်လာသူ လူငယ်တစ်ဦး လှည့်ကင်းလှည့်လာသော စစ်ကောင်စီ တပ်ဖွဲ့ဝင် များ၏ ဖမ်းဆီးခြင်းခံလိုက်ရကြောင်း ဒေသခံများကဆိုသည်။

ထို့အပြင် ဧပြီလ(၂၈)ရက်နေ့ကလည်း သံတောင်မြို့(၁၃)မိုင်တွင် အိမ်သန့်ရှင်းရေးပြန်လုပ်သော ဒေသခံ လူငယ်တစ်ဦးအား တားမြစ်ကာ ဖုန်းစစ်ဆေးပြီးနောက် သံသယဖြင့် စစ်ကောင်စီတပ် များက ဖမ်းဆီး ခေါ်ဆောင်သွားသလို ယခုအချိန်ထိ ပြန်မလွှတ်သေးကြောင်း အခြားဒေသခံတစ်ဦးက‌ ပြောသည်။

နောက်ထပ် သံတောင် ဒေသခံ တစ်ဦးက “ကျမထင်တာတော့ အထူးသဖြင့်ပေါ့နော် (၁၃)မိုင်ကဒေသခံတွေ စစ်ရှောင်နေပြီး ပြီးခဲ့တဲ့လမှာ တဖြည်း ဖြည်း အိမ်ပြန်လာကြတာ။ အဲဒီတော့ ဒီရက်ပိုင်းမှာ လူဝင်လူ ထွက်များလာတယ်။ ဒါကြောင့်လည်း ပိုတင်းကြပ်စစ်ဆေးနေပြီး ပစ်ခတ်မှုတွေလုပ်နေကြတာပါ။” ဟု ကေအိုင်စီသို့ပြောသည်။

သံတောင်ရှိ စစ်ကောင်စီဂိတ်စခန်းများတွင် စစ်ဆေးရေးများပိုမိုလုပ်ဆောင်လာခြင်းနှင့်ပတ်သက်၍ တော်လှန်ရေးအင်အားစုများမှလည်း သံတောင်-တောင်ငူ လမ်းအားအသုံးပြု၍ ဖြတ်သန်းသွားလာနေသော ဒေသခံများအနေဖြင့် မိမိတို့၏ဖုန်းများအတွင်း နိုင်ငံရေးနှင့်ပတ်သက်သော အကြောင်းအရာများအား ရှင်းလင်းထားရန်နှင့် စစ်ကောင်စီနှင့်ခပ်လှမ်းလှမ်းတွင် နေထိုင်ကြရန် သတိပေးပြောဆိုထားသည်။

ပြီးခဲ့သည့် ဧပြီလ(၂၅)ရက်နေ့၊ညပိုင်းမှစ၍ စစ်ကောင်စီက သံတောင်မြို့အတွင်း လက်နက်ကြီး ပစ်ခတ်ခဲ့မှု ကြောင့် နေအိမ်နှစ်လုံးထိခိုက်ပျက်ဆီး၍ ဒေသခံတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို ဧပြီလ(၂၉)ရက်နေ့ ကလည်း (၁၃)မိုင်စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးထပ်မံပစ်ခတ်ခဲ့မှုကြောင့် မြို့တွင်းနေထိုင်သူများ စိုးရိမ်ထိတ်လန့်၍ သတိဖြင့်နေထိုင်နေရကြောင်း ဒေသခံများကပြောသည်။

အလားတူ ယမန်နေ့ မေလ(၁)ရက်နေ့ကလည်း သံမိုးတောင်ကျေးရွာအနီးတစ်ဝိုက်သို့ ကင်းလှည့်လာသော စစ်ကောင်စီတပ်အား နယ်မြေခံကာကွယ်ရေးတပ်ဖွဲ့များ၏ မိုင်းဆွဲတိုက်ခိုက်ခြင်းခံရသောကြောင့် ဇလဲ ကျေးရွာစစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးများဖြင့် ပြန်လည် တုန့်ပြန်ပစ်ခတ်တိုက်ခိုက်သော်လည်း ကာကွယ်ရေးတပ်များနှင့်ဒေသခံများ ထိခိုက်မှုမရှိကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦး၏ ပြောကြား ချက်အရ သိရသည်။